Connect with us

Politics, Law & Military

နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာ၌ ဦးဆောင်သူတစ်ဦးကို သေဒဏ်ချမှတ်

အကြမ်းဖက်မှုကြောင့် သေဒဏ်ချခံရသော တရားခံအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာ၌ ဦးဆောင်ပါဝင်သူတစ်ဦးကို စစ်တွေခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၆ ခု အောက်တိုဘာလ ၉ရက်နေ့က ဖြစ်ပွားခဲ့သော ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ဦးဆောင်ခဲ့သည့် မာမက်နူ(ခ) အူလာ အသက်၂၃ နှစ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်တွေမြို့တရားရုံးမှ ပုဒ် ၃၀၂ (၁) (ဂ) ဖြင့် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားခံအား ပုဒ်မ ၃၃၃/၃၄၊ လက်နက်ဥပဒေပုဒ်မ၂ (၁) (က)၊ ပြည်သူပိုင်ဥပဒေပုဒ်မ ၆ (၁)၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ၁၇ (၁) တို့ဖြင့်လည်း တရားထပ်မံစွဲဆိုထားကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်တွေတရားရုံးတွင် တရားစွဲဆိုထားသည့် တိုက်ခိုက်သူ ၁၄ ဦးထဲ ၎င်းတစ်ဦးကိုသာ ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး နောက်ထပ် ၁၃ ဦးတို့အား စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။(Xinhua)