Connect with us

Education & Health

E-စီးကရက် သုံးစွဲခြင်းမှ လုံး၀ ရှောင်ကြဉ်ကြရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန တိုက်တွန်းနှိုးဆော် 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် “သတိပြုဖွယ် E-စီးကရက် အန္တရာယ်” တိုက်တွန်း နှိုးဆော်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ - Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) 

စီးကရက် အပါအဝင် ဆေးလိပ် နှင့် ဆေးရွက်ကြီး ထုတ်ကုန် ပစ္စည်းများကဲ့သို့ပင် ကျန်းမာရေးကို အလွန် ဆိုးရွားစွာ ထိခိုက် စေနိုင်သဖြင့် E-စီးကရက် သုံးစွဲခြင်းမှ လုံး၀ ရှောင်ကြဉ်ကြရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲမှ အောက်တိုဘာ ၆ ရက်စွဲဖြင့် တိုက်တွန်း နှိုးဆော်ချက် ထုတ်ပြန်လိုက်သည်။ 

E-စီးကရက်၏ ဘေးထွက် ဆိုးကျိုးများသည် စီးကရက် အပါအဝင် အခြားဆေးလိပ် ၊ ဆေးရွက်ကြီး ထုတ်ကုန် ပစ္စည်းများ ကဲ့သို့ပင် သုံးစွဲသူကို စွဲလမ်း စေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာ ပါဝင်ကြောင်း ၊ နောက်ဆက်တွဲ ဆိုးကျိုးများ အနေနှင့် (အထူးသဖြင့် လူငယ်များတွင်) ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း ၊ အာရုံစူးစိုက်နိုင်မှု ကျဆင်းလာခြင်း ၊ သင်ယူနိုင်စွမ်းရည် နည်းပါးလာခြင်း တို့ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

E-စီးကရက်ငွေ့တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ရေရှည်တွင် အဆုတ်ကို ထိခိုက် ပျက်စီး စေသကဲ့သို့ နောက်ဆက်တွဲ ကင်ဆာ ရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ကြောင်း ၊ E-စီးကရက် အတွင်းရှိ ဘက်ထရီ ချွတ်ယွင်းပြီး ပေါက်ကွဲခြင်းမှ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိနိုင်ကြောင်း ၊ E-စီးကရက်အရည် (Vape) ကို မတော်တဆသောက်မိခြင်း၊ တိုက်ရိုက် ရှူမိခြင်း ၊ မျက်စိထဲ ဝင်ရောက်ခြင်းနှင့် အရေပြားပေါ်ထိခြင်းတို့ကြောင့် အန္တရာယ် ဖြစ်စေပြီး ကလေးငယ်များတွင် အသက်ဆုံးရှုံးသည် အထိ ဖြစ်စေနိုင်ကြောင်း ၊ E-စီးကရက် သောက်သုံးသူများ ထံမှ ထွက်လာသော အငွေ့များသည် ပတ်ဝန်းကျင်မှ လူအများကို ရှူရှိုက်မိစေပြီး အန္တရာယ်ဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ E-စီးကရက်ဆေးရည်အမျိုးမျိုး ထည့်သွင်းအသုံးပြုခြင်းအပြင် ဆေးခြောက်နှင့် အခြား မူးယစ်စေတတ်သောအရာများကိုပါ ထည့်သွင်းအသုံးပြု သောက်ရှူနိုင်သဖြင့် မူးယစ်ဆေးဝါး စွဲလမ်းမှုနှင့် နောက်ဆက်တွဲ ပြဿနာများကိုပါ ဖြစ်ပွား စေနိုင် ကြောင်းလည်း ဖော်ပြပါရှိသည်။(Xinhua)