Connect with us

Education & Health

လူငယ် ဆရာ ၊ ဆရာမများ၏ အားထုတ်မှု ပိုမို လိုအပ်လာဟု ပညာရေး ဝန်ကြီးပြော

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားအား နေပြည်တော်၌ ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အနာဂတ်ကမ္ဘာတွင် ဆရာဆရာမများကြုံတွေ့လာရမည့် သင်ယူမှုသင်ကြား မှုနည်းစနစ် မတူ ကွဲပြားခြင်း၏ စိန်ခေါ်မှုများ အတွက်လည်း ပြင်ဆင်ပေးထားရန် လိုအပ်လျက် ရှိရာ လူငယ် ဆရာဆရာမများ၏အားထုတ်မှု ပိုမို လိုအပ်လာကြောင်း ပညာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။ 

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားအား အောက်တိုဘာ ၅ ရက်တွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အမှာစကား ပြောကြားရာတွင် အောက်တိုဘာ(၅)ရက်နေ့သည် ကမ္ဘာတစ်ဝန်း လုံးရှိ ဆရာများကို ဂုဏ်ပြုသည့် ကမ္ဘာဆရာများနေ့ဖြစ်ကြောင်း ၊ ယခုနှစ် ဆောင်ပုဒ် သည် “လူငယ် ဆရာများခန့်ထားလို့ အနာဂတ် စွမ်းဆောင်ရည်မြှင့်တင်စို့”ဟူ၍ ဖြစ်ကြောင်း ၊ နောင်အနာဂတ်တွင် တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းဆောင်ရွက်တတ်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ် ဆရာ ၊ ဆရာမ အင်အားစုများ အဖြစ် ပြုစု ပျိုးထောင်မွေးထုတ်ပေးရန် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့ ချိန်ခါတွင် နိုင်ငံတော်၏ အရည်အသွေးရှိသောပညာရေးအတွက် နှစ်ပေါင်းများစွာ အခက်အခဲများ၊ လိုအပ်ချက် များ ရှိနေကြောင်း ၊ ယင်းလိုအပ်ချက် များကို ဖြည့်ဆည်း ပေးမည့် လူငယ်လူရွယ်ဆရာများအား ခန့်ထား တာဝန် ပေးအပ်ပြီး ၎င်းတို့၏ ခွန်အားစွမ်းဆောင်ရည်များဖြင့် နိုင်ငံတော်၏ပညာရေးကို မြှင့်တင်ပေးရ မည့် အချိန်လည်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။

အနာဂတ်ကာလတွင် ကြုံတွေ့လာရမည့် ဆရာ ဆရာမ ဦးရေလျော့ပါးလာခြင်း၊ စာသင်ကျောင်းများတွင် ဆရာ/ဆရာမ မလုံလောက်ခြင်း ၊ နည်းပညာအသစ်နှင့်သင်ကြားသင်ယူမှု နည်းစနစ်အသစ်များအား ရင်ဆိုင်ရခြင်း စသည့် စိန်ခေါ်မှု များကို ဖြတ်ကျော်နိုင်မည့် မျိုးဆက်သစ် လူငယ်ဆရာဆရာမများ၏ စွမ်းအားစု ကို အသုံးပြု နိုင်ရေးသည် နိုင်ငံတော် ၏ လိုလားချက် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။“လူငယ် ဆရာများခန့်ထားလို့ အနာဂတ် စွမ်းဆောင်ရည် မြှင့်တင် စို့” ဆောင်ပုဒ်နှင့်အညီလူငယ် ဆရာများနှင့် ပညာရေးအား မြှင့်တင်ပေးကြပါစို့ ဟု တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် ပြောကြားသည်။(Xinhua)