Connect with us

Media

ယူကရိန်းက ရုရှားရေနံ ဖြတ်သန်းခွင့်ကိုပိတ်ပင်၊ ယူကရိန်း လယ်ယာထွက်ကုန်ပစ္စည်း တန်ချိန်ပေါင်းသန်းချီ ယူကရိန်း ဆိပ်ကမ်းမှ ထွက်ခွာခဲ့

ပေကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ယူကရိန်းက သြဂုတ် ၄ ရက်မှ စတင်၍ ရုရှားရေနံအား ယူကရိန်း၏ “ချစ်ကြည်ရေး” ရေနံပိုက်လိုင်းမှတစ်ဆင့် ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံများသို့ ရေနံတင်ပို့ခြင်းကို တားမြစ်လိုက်ကြောင်း ရုရှားက သြဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ “စားနပ်ရိက္ခာစင်္ကြံ” ဖွင့်လှစ်ပြီး ၉ ရက်အကြာတွင် ယူကရိန်းမှ လယ်ယာထွက်ကုန် တန်ချိန် ၃၇၀,၀၀၀ ကျော်ကို နိုင်ငံပေါင်း ၇ နိုင်ငံသို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းဘက်မှ သြဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား
ယူကရိန်းက သြဂုတ် ၄ ရက်မှ စတင်၍ ရုရှားရေနံအား ယူကရိန်း၏ “ချစ်ကြည်ရေး” ရေနံပိုက်လိုင်းမှတစ်ဆင့် ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံများသို့ တင်ပို့ခြင်းကို တားမြစ်လိုက်ကြောင်း ရုရှားနိုင်ငံ ရေနံပိုက်လိုင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက သြဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂမှ ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကြောင့် ယင်းကုမ္ပဏီသည် ယူကရိန်းထံသို့ ဖြတ်သန်းသည့် အခကြေးငွေ ပေးချေ၍ မရကြောင်းနှင့် ယခင်က ပေးဆောင်ထားသည့် ဖြတ်သန်းခများမှာလည်း ပြန်ပို့ခြင်းခံထားရကြောင်း သိရသည်။ ယူကရိန်းရေနံသယ်ယူပို့ဆောင်ရေးကုမ္ပဏီက ဖြတ်သန်းခ မရသေးသည်ကို အကြောင်းပြ၍ ရေနံသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ယူကရိန်းက ဇာပိုရေဇီးယား နျူကလီးယား ဓါတ်အားပေးစက်ရုံကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဥရောပတိုက်တစ်ခုလုံးကို ဓားစာခံအဖြစ် လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharovaက သြဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားက နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ နောက်ဆုံးရအခြေအနေများကို IAEA သို့ ပုံမှန်အသိပေးကြောင်းနှင့် IAEA အထွေထွေ အတွင်းရေးမှူးချုက်မှ ဇာပိုရေးဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်ကို သတိပြုမိရာ ရုရှားက ယင်းအပေါ် လိုအပ်သည့် လုပ်ငန်းများ လုပ်ဆောင်ထားပြီး ခရီးစဉ်အတွက် “မည်သည့်အတားအဆီးမှမရှိတော့ကြောင်း” ဆိုသည်။

ခရိုင်းမီးယားဒေသရှိ Saki လေဆိပ်မှ လေကြောင်း ခဲယမ်းမီးကျောက် သိုလှောင်ရာနေရာတွင် သြဂုတ် ၉ ရက် မွန်းလွှဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ လေဆိပ်တွင် အမြောက်ကျည်များ ကျရောက်ခဲ့မရှိသဖြင့် လေကြောင်းကိရိယာများ အပျက်အစီးမရှိခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ လေဆိပ်သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ လေကြောင်း အခြေစိုက်စခန်းဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၈ ရက်မှ သြဂုတ် ၅ ရက်အထိ ယူကရိန်းရှိ နိုင်ငံခြား ကြေးစားစစ်သားများသည် ၂,၇၄၁ ဦးမှ ၂,၁၉၂ အထိ လျော့နည်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က သြဂုတ် ၉ ရက် တွင် ပြောကြားခဲ့သည်။

ယူကရိန်း
“စားနပ်ရိက္ခာစင်္ကြံ” ဖွင့်လှစ်ပြီး ၉ ရက်အကြာတွင် ယူကရိန်းမှ လယ်ယာထွက်ကုန် တန်ချိန် ၃၇၀,၀၀၀ ကျော်တင်ဆောင်ထားသည့် သင်္ဘော ၁၂ စင်း ယူကရိန်းဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး နိုင်ငံပေါင်း ၇ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ယူကရိန်းဆိပ်ကမ်း စီမံခန့်ခွဲရေးဌာနက သြဂုတ် ၉ ရက်တွင် ဆိုရှယ်မီဒီယာ၌ ဖော်ပြခဲ့ကြောင်း ယူကရိန်းသတင်းအေဂျင်စီက ဖော်ပြထားသည်။ ထို့ပြင် အခြားသင်္ဘောတစ်စင်းသည် လယ်ယာထွက်ကုန်များ တင်ဆောင်ရန် ယူကရိန်း Chernomorsk ဆိပ်ကမ်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အစင်း ၅၀ ရှိသည့် ပထမအသုတ် တူရကီထုတ် BMC သံချပ်ကာယာဉ်များကို ယူကရိန်း မရိန်းတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်းနှင့် အစင်း ၁၅၀ ရှိ ကျန်အသုတ်များကို အမြန်ဆုံး လွှဲပြောင်းပေးအပ်ရန် ယူကရိန်းက မျှော်လင့်ကြောင်း ယူကရိန်းလွှတ်တော်၏ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Yuri Mishakin က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။(Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.