Connect with us

Media

မြန်မာနိုင်ငံ၌ RCEP သဘောတူစာချုပ်အကောင်အထည်ဖော်ရေးအသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင်စီစဉ်ကျင်းပခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ် အကောင်အထည် ဖော်ရေးအတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် ၃ ရက်ကြာကျင်းပလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က RCEP သည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် ဖြစ်ပြီး လူဦးရေ ပါဝင်မှုအများဆုံး၊ စီးပွါးရေးပမာဏ အကြီးဆုံး နှင့် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အကြီးမားဆုံးဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကျင်းပရန် မြန်မာနိုင်ငံအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ ပံ့ပိုးကူညီမှုသည် ဒေသတွင်း အလားအလာကောင်းသော ရလဒ်များကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊RCEP အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဖလှယ်မှုများနှင့် အပြန်အလှန်သင်ယူမှုများ အားကောင်းလာစေရေး အရေးကြီးကြောင်း ၎င်းက ဆိုသည်။

ဆက်လက်ပြီး RCEP အဖွဲ့ဝင်များကြားတွင် အကြီးဆုံးစီးပွါးရေးအနေဖြင့် တရုတ်နိုင်ငံသည် RCEP ၏ အရည်အသွေးမြင့် အကောင်အထည်ဖော်မှုကို မြှင့်တင်ကာ ပွင့်လင်းသော ဖွံ့ဖြိုးတိုးတက်မှု သဘောတရားကို အမြဲတမ်း လိုက်နာခဲ့ကြောင်း သံမှူးကြီးက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong နှင့် လန်ချန်း – မဲခေါင်အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ဝန်ကြီးဌာန ၁၀ ခုတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ လန်ချန်း -မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.