Connect with us

Media

မြန်မာနိုင်ငံက ဧပြီလမှ ဇွန်လအထိ ပထမသုံးလတာအတွင်း ပြောင်း တန်ချိန် ၁ သန်းကျော် တင်ပို့ထား

ရန်ကုန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ပထမသုံးလတာအတွင်း ပြောင်းတန်ချိန် တစ်သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆၅ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အချက်အလက်များအရ ဧပြီလတွင် ပြောင်းတန်ချိန် ၃၉၀,၀၀၀ ကျော်၊ မေလတွင် ၃၇၀,၀၀၀ ကျော်နှင့် ဇွန်လတွင် ၃၉၀,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ပြောင်းကို တရုတ်နှင့် ထိုင်းနိုင်ငံမှ အများဆုံးဝယ်ယူလျက်ရှိပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့လျက်ရှိကြောင်း သိရသည်။ ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းရာသီ၊ နွေရာသီနှင့် မုတ်သုံရာသီတို့တွင် စိုက်ပျိုးဖြစ်ထွန်းကြောင်း သိရသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ပြုစုထားသော စာရင်းများအပြင် လက်ရှိပြောင်းအထွက်နှုန်းနှင့် မျိုးစေ့ရောင်းချရမှု အခြေအနေပေါ်မူတည်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အချက်အလက်များအရ မြန်မာတစ်နိုင်ငံလုံး၌ စုစုပေါင်းပြောင်း စိုက်ဧက နှစ်သန်းကျော်ရှိကြောင်း သိရသည်။ ပြည်တွင်း၌ ပြောင်းသည် စိုက်ပျိုးထွက် ရှိမှုပမာဏအားဖြင့် ဆန်ပြီးလျှင် ဒုတိယအများဆုံးထွက်ရှိသော ထုတ်ကုန်ဖြစ်ပြီး ပြည်ပသို့တင်ပို့မှုမှ နိုင်ငံခြား ဝင်ငွေရရှိမှု ကို နှိုင်းယှဉ်ပါက ပဲမျိုးစုံနှင့် ဆန်ပြီးလျှင် ပြောင်းသည် တတိယ အများဆုံးဖြစ်ကြောင်းသိရသည်။ လက်ရှိပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းထုတ်လုပ်မှု ပမာဏ တန်ချိန် ၃ ဒသမ ၂ သန်းခန့်ရှိသည့်အနက် တန်ချိန် ၂ ဒသမ ၂ သန်းခန့်ကို ပြည်ပသို့တင်ပို့ပြီး ကျန်တန်ချိန် တစ်သန်းခန့်ကို ပြည်တွင်း၌ သုံးစွဲကြောင်း သိရသည်။ (Xinhua)