Connect with us

Business

၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ပြောင်းခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလမှစ၍ တရုတ်နိုင်ငံသို့ ပြောင်းများစတင် တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

ပြောင်းခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ပြောင်းခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “မြန်မာနိုင်ငံက ပြောင်းကို အဓိကတင်ပို့တာက ထိုင်းကိုပေါ့။ ထိုင်းနိုင်ငံကို တင်ပို့ရတဲ့ အကောက်ခွန်ကင်းလွတ်ခွင့်ကာလက သြဂုတ် ၃၁ ရက်မှာ ပြီးပါတယ်။
အသင်းအနေနဲ့ ထိုင်းအဝယ်ရပ်တဲ့အခါ တရုတ်နိုင်ငံကို ရောင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာလည်း ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံကို စက်တင်ဘာလကနေစပြီးတင်ပို့နေပါပြီ” ဟုပြောသည်။
မြန်မာနိုင်ငံမှ ပြောင်းကို နှစ်စဉ် စုစုပေါင်း တင်ပို့မှုမှာ တန်ချိန်၂ သန်း ခန့်ရှိပြီး ယင်းအနက် ထိုင်းကို တန်ချိန် ၁ သန်းခန့် တင်ပို့လျက်ရှိကြောင်းသိရသည်။

“ ထိုင်းကို တန်ချိန် ၁ သန်းနဲ့ ၁ သန်းကျော်လောက်တင်ပို့ပါတယ်။ တရုတ်နိုင်ငံကိုတော့ ဒီနှစ်ထဲမှာ တန်ချိန် ၄ သိန်းလောက် တင်ပို့နိုင်မယ်လို့ မှန်းပါတယ်။ ကျန်တာကတော့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် ခွဲသွားမယ်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြောင်းကို မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က ဇွန်လလောက်ဆိုရင် ရှမ်းပြည်မှာစစိုက်နေပြီ။ ဇူလိုင်လောက်မှာဆိုရင် ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာစိုက်တယ်။ အဲလောက်စိုက်ရင် တောက်လျှောက်ထွက်တယ်။ ဒီဇင်ဘာလောက်ကစပြီး ဧရာဝတီတိုင်းမှာစိုက်တယ်။ မကွေးတိုင်းဒေသကြီး မြင်းခြံမြို့မှာဆိုရင် သင်္ကြန်ပြီး မေလလောက်ကတည်းက စစိုက်တယ်။ ဧပြီလမှာလည်း စိုက်တယ်ဆိုတော့ ပြောင်းက တစ်နှစ်လုံးမှာ မထွက်တဲ့ရာသီက ဇူလိုင်နဲ့ သြဂုတ် ၂ လပဲရှိတယ်။ ကျန်တဲ့ လတွေအကုန်လုံးက ပြောင်းက တောက်လျှောက်စိုက်နေတယ်။ တောက်လျှောက်ထွက်နေတယ်။ တောက်လျှောက်ပြည်ပကို တင်ပို့ရောင်းချနေပါတယ်။ ပြောင်းကို GACC စနစ်နဲ့ တင်ပို့ဖို့ မြန်မာနိုင်ငံမှာ ကုမ္ပဏီ ၁၁၀ ကို ခွင့်ပြုထားတယ်။ လက်ရှိမှာ ကုမ္ပဏီ ၃၀ ကနေ ၄၀ ကြားကတင်ပို့နေပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ပြောင်းကို ချင်းရွှေဟော်နှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့်လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အနေဖြင့် ပြောင်း တစ်ဧက အထွက်နှုန်းများ တိုးတက်လာစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)