Connect with us

Media

ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှုကို ထိန်းသိမ်းရန်၊ တံခါးဖွင့် ကမ္ဘာ့စီးပွားရေးစနစ် ဖော်ဆောင်ရန် တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

 

ဂျိုဟန်းနက်စ်ဘာ့ဂ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20) အနေဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှု တုံ့ဆိုင်းနေချိန်တွင် ညီညီညွတ်ညွတ်ရှိရေးအတွက် တစ်စိုက်မတ်မတ်လုပ်ဆောင်ရန်၊ လွတ်လပ်စွာကုန်သွယ်မှုကို ခိုင်ခိုင်မာမာထိန်းသိမ်းကာ တံခါးဖွင့် ကမ္ဘာ့စီးပွားရေးစနစ်ကို ဖော်ဆောင်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နိုဝင်ဘာ ၂၂ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

အားလုံးလက်ခံပါဝင်မှုရှိ၍ စဉ်ဆက်မပြတ်ဖြစ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဦးတည်ဆွေးနွေးရန် တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စ်ဘာ့ဂ်မြို့တွင် ကျင်းပလျက်ရှိသည့် ၂၀ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး အဖွင့်အစည်းအဝေး၌ အမှာစကားပြောကြားရာတွင် လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးအား တောင်အာဖရိကနိုင်ငံ သမ္မတ ဆီရယ်လ် ရာမာဖိုဆာက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်းလုံးညီညွတ်ခြင်းက အင်အားဖြစ်ပြီး စိတ်ဝမ်းကွဲခြင်းက မည်သည့်ကောင်းကျိုးကိုမှ မပေးနိုင်ဟု ၁၇ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ထောက်ပြပြောဆိုခဲ့သည်ဟု လီက ပြောကြားခဲ့သည်။

မတူညီသော ဒေသများမှဖြစ်သကဲ့သို့ မတူညီသော စနစ်နှင့် ယဉ်ကျေးမှုများလည်းရှိနေသည့် G20 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လွန်ခဲ့သောနှစ်များအတွင်း ညီညွတ်သောစိတ်ဓာတ်ဖြင့် စိန်ခေါ်မှုများကို ဆက်တိုက်ကျော်လွှားနိုင်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ခဲ့ကြောင်း လီက ထပ်မံပြောကြားခဲ့သည်။

မျက်မှောက်ကာလ၌ ကမ္ဘာ့စီးပွားရေးသည် အထူးသဖြင့် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့ ခေါင်းထောင်လာခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ အရှိန်မြင့်တက်လာခြင်းတို့ကြောင့် ကြီးမားသော စိန်ခေါ်မှုများကို တစ်ကျော့ပြန် ရင်ဆိုင်နေရသည်ဟု လီက ဆိုသည်။

သက်ဆိုင်ရာနိုင်ငံများအကြား အကျိုးစီးပွားချင်း ကွဲလွဲဆန့်ကျင်မှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများ အားလျော့ချည့်နဲ့လာမှုတို့က ကမ္ဘာလုံးဆိုင်ရာ ညီညွတ်မှုကို အဟန့်အတားဖြစ်စေသည့် သိသာထင်ရှားသော အခြေခံအကြောင်းရင်းများ ဖြစ်လာသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့ဖြစ်၍ G20 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထိုပြဿနာများအား ရဲရဲဝံ့ဝံ့ရင်ဆိုင်ခြင်း၊ နည်းလမ်းများ ရှာဖွေခြင်းနှင့် အဖွဲ့ဝင်နိုင်ငံအားလုံး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် တစ်တပ်တစ်အား ပံ့ပိုးကူညီခြင်း စသည်တို့ကို လုပ်ဆောင်ကြရန်လည်း လီက တိုက်တွန်းခဲ့သည်။

သဘောထားကွဲလွဲမှုများ၊ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရချိန်တွင်လည်း တန်းတူညီမျှရှိမှုအပေါ် အခြေခံကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အငြင်းပွားမှုများနှင့် ပဋိပက္ခများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရေးအတွက် အတူတကွ ကြိုးပမ်းအားထုတ်ကြရန်လည်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

ထို့အတူ အမြင်မတူညီမှုများ ရှိစေကာမူ ဘုံတူညီမှုကိုရှာဖွေရန်၊ အကျယ်ပြန့်ဆုံး ဘုံအကျိုးစီးပွားများကို တက်တက်ကြွကြွ ဖော်ဆောင်ရန်၊ လက်တွေ့ကျသော ကိုယ်စီအလေးထားစရာ ကိစ္စရပ်များကို သင့်လျော်မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရန်လည်း အရေးကြီးကြောင်း လီက အလေးထားပြောကြားခဲ့သည်။

G20 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ခေတ်နှင့်လိုက်လျောညီထွေ ဆန်းသစ်ပြောင်းလဲကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းရာတွင် ဦးဆောင်ရမည်ဖြစ်ကြောင်း လီက တိုက်တွန်းခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စသည့် အဖွဲ့အစည်းများ၏ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်လုပ်ဆောင်ကြရန်လည်း လီက တိုက်တွန်းပြောဆိုခဲ့သည်။
ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘောထားများကို တိုးမြှင့်ဖော်ထုတ်ရေး၊ ပိုမိုတရားမျှတ၍ ပိုမိုပွင့်လင်းသော နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးစည်းစနစ်ကို ထူထောင်ရေးအတွက် ကြိုးပမ်းသွားကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံက အာဖရိကနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် စက်မှုလုပ်ငန်းထူထောင်မှု ပံ့ပိုးအထောက်အကူပြုရေးဆိုင်ရာ G20 အစီအမံ လက်တွေ့ဖော်ဆောင်ရေး လုပ်ငန်းစီမံချက် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ နိုင်ငံအားလုံး၏ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်အားပေးရန်လည်း တရုတ်နိုင်ငံက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အလေးထားပြောကြားခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီလျှော့ချနိုင်ရေးအတွက် ပံ့ပိုးကူညီကာ အာဖရိကဒေသ ခေတ်မီအသွင်ပြောင်းခြင်းကို အထောက်အကူပြုရန် ပူးပေါင်းပါဝင်ဆောင်ရွက်သော အစီအမံတစ်ရပ်အား တောင်အာဖရိကနိုင်ငံနှင့်အတူ ပူးတွဲဖော်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျုကိုလည်း တည်ထောင်သွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.