Media
【တရုတ်အစိုးရက မြန်မာနိုင်ငံအတွက် ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများ ထပ်မံပံ့ပိုးရန် ဆုံးဖြတ်】
ဧပြီလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming က ယခုအခါ မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်းများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီကို ထပ်မံပံ့ပိုးပေးမည်ဖြစ်ပြီး၊ အဆိုပါငွေဖြင့် လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများစသည့် အရေးတကြီး လိုအပ်သောပစ္စည်းများပါဝင်ပြီး ကျန်းမာရေးနှင့်ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ များကို ကုသရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်မည်ဖြစ်ကာ ဘေးအန္တရာယ် အကဲဖြတ်ရေးအဖွဲ့ စေလွှတ်၍ ငလျင်ဒဏ်ခံစားရဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး မြန်မာနိုင်ငံ ဘေးဒဏ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အဦဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ စေလွှတ်ကာ ပျက်စီးနေသော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက်အဦများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်သော ပြင်းထန်ငလျင်ကြီး (မန္တလေးငလျင်ကြီး) ဖြစ်ပွားချိန်မှစ၍ တရုတ်အစိုးရသည် ပထမဆုံးသော နိုင်ငံအဖြစ် ယွမ်ငွေ သန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရန် ကြေညာခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ကာ ကယ်ဆယ်ရေး ပစ္စည်းများပို့ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အပြည့်အဝ ပူးပေါင်းကူညီ၍ လူ့အသက်များကို ကယ်တင်ပေးခဲ့သည်။ တရုတ်နိုင်ငံသည် ပထမဆုံး အကူအညီပေးရန် ကြေညာသော၊ ပထမဆုံးကယ်ဆယ်ရေးအဖွဲ့စေလွှတ်သော၊ ပထမဆုံး ငလျင်ဘေးဒဏ်သင့် အသက်ရှင်ကျန်ရစ်သူများကိုကယ်တင်နိုင်သော နိုင်ငံဖြစ်သည့်အပြင် ကယ်ဆယ်ရေးအဖွဲ့နှင့်လူအင်အား အများဆုံးစေလွှတ်သော နိုင်ငံလည်းဖြစ်သည်။ ဤကြိုးပမ်းမှုများကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ အသိအမှတ်ပြုခြင်းနှင့် နိုင်ငံတကာလူမှု အသိုင်းအဝိုင်း၏ ချီးကျူးဂုဏ်ပြုခြင်းကို ရရှိခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သော တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့တို့သည် ၎င်းတို့၏ တာဝန်များကို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့တွင် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရောက်ရှိစဉ်ကာလအတွင်း တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေးအဖွဲ့များသည် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် အသက်ရှင်သူ ၉ ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကာ သေဆုံးသူ ၅၉ ဦး၏ သက်မဲ့ခန္ဓာများကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် အိမ်ခြေနှင့် အရေးပါသော အခြေခံအဆောက်အအုံများ ၂၈၇၀၀၀ စတုရန်းမီတာ ဧရိယာကို စစ်ဆေးခဲ့၍ ဘေးဒဏ်သင့်ပြည်သူပေါင်း ၂၀၀၀ ကျော်အား ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ဘေးဒဏ်သင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းရန် တရုတ်နိုင်ငံအတွင်းမှ ရွက်ဖျင်တဲ အလုံး ၄၀၀၀၊ စောင် အထည် ၁၀၀၀၀၊ အရေးပေါ်ဆေးအိတ်များ ၅၅၀၀၀ ကျော်၊ ခြင်ထောင် အလုံး ၄၀၀၀၀၊ တာပေါ်လင်စ အချပ် ၁၈၀၀၀၊ အိပ်အိတ် အလုံး ၄၀၀၀၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် အလုံး ၁၀၀၀၀၊ ချက်ပြုတ်ရေးပစ္စည်းများ ၂၀၀၀ စုံ၊ ကျန်းမာရေးဆေးအိတ်များ ၃၈၈၀၀ ကျော်၊ ခေါက်ဆွဲခြောက် အဖာ ၂၀၀၀ စသည့် ပစ္စည်းများကို အမြန်ဆုံးဝယ်ယူပြီး အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သည်။
ဘေးဒုက္ခရောက်မှ မိတ်ဆွေစစ်ကိုတွေ့ရှိနိုင်ပြီး မေတ္တာအစစ်အမှန်သည် နယ်နိမိတ်အပိုင်းအခြားမရှိပေ။ တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းစသည့် အိမ်နီးချင်းနိုင်ငံများကြားထားရှိသည့် သံတမန်ဆက်ဆံရေးအယူအဆကို ကိုင်စွဲကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို မြှင့်တင်ပြီး လက်တွေ့ကျသောဆောင်ရွက်မှုဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားမည်ဖြစ်သည်။