Media
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ငါးနှစ်စီမံကိန်းအသစ်အား ကောင်းမွန်စွာ စတင်နိုင်ရေးအတွက် သေချာစွာလုပ်ဆောင်ကြရန်မှာကြား
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) အား ကောင်းမွန်စွာ စတင်နိုင်ရေးအတွက် တညီတညွတ်တည်း ကြိုးပမ်းအားထုတ်ကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၀ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ပြည်နယ်အဆင့်နှင့် ဝန်ကြီးအဆင့် အဆင့်မြင့် အရာရှိကြီးများအတွက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ပါတီသင်တန်းကျောင်း (အမျိုးသားစီမံခန့်ခွဲရေး အကယ်ဒမီ) တွင် ကျင်းပသည့် လေ့လာဆန်းစစ်မှု အစည်းအဝေးအဖွင့်၌ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ငါးနှစ်စီမံကိန်းများ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းမှာ နိုင်ငံအား စီမံအုပ်ချုပ်ရာတွင်လည်းကောင်း၊ နိုင်ငံ့ရေးရာများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ပါတီအတွက် အရေးပါသော အတွေ့အကြုံဖြစ်သကဲ့သို့ တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်၏ သိသာထင်ရှားသော နိုင်ငံရေးအကျိုးကျေးဇူး တစ်ခုလည်းဖြစ်ကာ မူဝါဒပိုင်း တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူဖြစ်စေသည်ဟု ရှီက မှတ်ချက်ပြုခဲ့သည်။
၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး၌ ချမှတ်ခဲ့သည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာမြောက် အစီအမံများကို ကျယ်ပြန့်နက်နဲ၍ တိကျသေချာစွာ နားလည်သိရှိထားရန် လိုအပ်ကြောင်း ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် လက်ရှိတွင် မဟာဗျူဟာကျသော အခွင့်အလမ်းများနှင့် အန္တရာယ်များ အတူယှဉ်တွဲနေသည့် အခြေအနေ၌ ရှိနေကာ မရေရာမှုများနှင့် ကြိုတင်မခန့်မှန်းနိုင်သော အခြေခံအကြောင်းရင်းများလည်း ပိုမိုများပြားလာကြောင်း ၎င်းက အလေးထားပြောဆိုခဲ့သည်။ ခေတ်မီ စက်မှုလုပ်ငန်းစနစ် ထူထောင်ခြင်းနှင့် စက်မှုလုပ်ငန်းဖွဲ့စည်းပုံ ကဏ္ဍစုံ အဆင့်မြှင့်တင်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခြင်းမှာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွက် မဟာဗျူဟာမြောက် အရေးကြီးလုပ်ငန်းစဉ်များပင်ဖြစ်ကြောင်း ရှီက ဆက်လက်ပြောကြားသည်။
စီးပွားရေးကဏ္ဍ၌ ကုန်ထုတ်လုပ်ငန်းများ သင့်တင့်မျှတစွာ ကိုယ်စားပြုပါဝင်မှုအား ဆက်လက်ထိန်းသိမ်းရန်၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှုကို အားသွန်ခွန်စိုက် တိုးချဲ့ရန် အရေးကြီးကြောင်း ရှီက အလေးအနက်ပြောကြားခဲ့သည်။ ထို့ပြင် ခေတ်မီ အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်သည်ကိုလည်း ၎င်းက အလေးပေးပြောဆိုခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းသစ်ကို အရှိန်အဟုန်မြှင့်တင်တည်ဆောက်ရန် အခြေအနေကောင်းများ ရှိနေကြောင်း၊ ပြည်တွင်းစီးပွားရေးမှာ အဓိကမဏ္ဍိုင်အဖြစ် ရှိနေသင့်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်းကိုလည်း လူ့ စွမ်းအားအရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် နီးနီးကပ်ကပ် ပေါင်းစပ်ချိန်ညှိသင့်ကြောင်း ရှီက ပြောသည်။
လူမှုတိုးတက်မှုများကို မြှင့်တင်အားပေးရန်အတွက် လူမှုဘဝ တိုးတက်မြင့်မားရေးကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း၊ စီးပွားရေးတိုးတက်မှုကို ရှေ့ဆက်ဖော်ဆောင်နေသည့် တစ်ချိန်တည်းတွင် ပြည်သူများ၏ လူနေမှုဘဝ အဆင့်အတန်း မြှင်တင်ရေးအတွက် မရပ်မနား ကြိုးပမ်းအားထုတ်သင့်ကြောင်း ရှီက ဆိုသည်။
ထို့အတူ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပါတီ၏ ဦးဆောင်နိုင်မှု ခိုင်မာအားကောင်းရေး၊ အကျင့်ပျက်ခြစားမှုကို အပြင်းအထန် ဆန့်ကျင်သည့် ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းရေးအတွက် ကြိုးပမ်းသွားကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အဆိုပါ လေ့လာဆန်းစစ်မှု အဖွင့်အစည်းအဝေး၌ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် လီချန်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းအစည်းအဝေးသို့ အခြားသော အမြဲတမ်းကော်မတီဝင်များဖြစ်သည့် ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်နှင့် လီရှီးတို့အပြင် တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်လည်း တက်ရောက်ခဲ့သည်။
လီက သမ္မတရှီ၏ အရေးကြီးမိန့်ခွန်းမှ လေးနက်သော အနက်အဓိပ္ပာယ်များကို နက်နက်ရှိုင်းရှိုင်း သိရှိနားလည်နိုင်အောင် အားထုတ်ရန်၊ ထို့နောက် သိရှိနားလည်လာသော အကြောင်းအရာများကို ခိုင်မာသော လက်တွေ့လုပ်ဆောင်ချက်များနှင့် ရလဒ်များအဖြစ် ဖော်ဆောင်ရန်၊ စဉ်ဆက်မပြတ် တိုးတက်လျက်ရှိသော အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အစည်းအဝေး တက်ရောက်လာသူများအား တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
