Videos
နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးရည်မှန်းဆောင်ရွက်ရန် တပ်ချုပ်ပြောကြား
နေပြည်တော်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးသည့်အခါ ဖြစ်သင့် ဖြစ်ထိုက်သည်များကို အရှည်မျှော်တွေး ညှိနှိုင်းကြခြင်းက ပိုပြီး လက်တွေ့ဆန်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယနေ့ ကျင်းပသည့် (၇၃)ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
မဖြစ်နိုင်တာတွေတောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့် ဖြစ်ထိုက်တာတွေကို အရှည်မျှော် တွေးပြီး ညှိနှိုင်းကြတာက ပိုမို လက်တွေ့ဆန်ကြမှာ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နိုင်ခြင်း မရှိဘဲ အာဆီယံ အသိုက်အဝန်းမှာပင် နောက်ကျကျန်လျက်ရှိတာကိုတွေ့ရမှာ ဖြစ်ကြောင်း၊ ကျန်နိုင်ငံများကို အမီလိုက်ရန် မိမိတို့အနေဖြင့်ခြေလှမ်းများစွာ လှမ်းနိုင်မှ ဖြစ်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ပြောခဲ့သည်။
ယခုနှစ် တပ်မတော်နေ့အခမ်းအနား၌ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရှမ်းစုရပ်ရှိ စစ်ရေးပြ ကွင်းသို့ စစ်ကြောင်းကြီးများ ချီတက်ပြီးချိန်တွင် တပ်မတော်(လေ)မှလေယာဉ်များ စွမ်းရည်ပြပျံသန်းခြင်း၊ ရဟတ်ယာဉ်များပေါ်မှ အထူးတပ်ဖွဲ့စစ်သည် များကမြေပြင်သို့ဆင်းသက် စွမ်းရည်ပြခြင်းများကိုလည်း ပြသခဲ့ကြောင်း တွေ့ရသည်။
၇၃ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား သို့ နိုင်ငံတကာစစ်သံမှူးများ၊ အရပ်ဘက်၊စစ်ဘက်များ မှ တာဝန်ရှိပုဂ္ဂိုလ်များ စစ်မှုထမ်းဟောင်းများ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များ မှ တာဝန်ရှိသူများ လူငယ်အဖွဲ့အစည်းများ နှင့်ဖိတ်ကြားထားသော အထူးဧည့်သည်များ တက်ရောက်ကြသည်။ (Xinhua)