Videos
မောင်းသူမဲ့တက္ကစီဝန်ဆောင်မှု စတင်နေသည့် ချန်ရှားမြို့
ချန်ရှား၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှားတွင် မောင်းသူမဲ့တက္ကစီဝန်ဆောင်မှု စမ်းသပ်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။ ခရီးသည်များအနေဖြင့် သတ်မှတ်ထားသည့် မိုဘိုင်း အပလီကေးရှင်းမှတစ်ဆင့် တက္ကစီကို အခမဲ့ ခေါ်ယူစီးနင်းနိုင်မည်ဖြစ်သည်။
စမ်းသပ်ကာလအတွင်း မောင်းသူမဲ့တက္ကစီ အစီးတိုင်းတွင် ခရီးသည်များ စိတ်ချလုံခြုံမှုရှိစေရန် နည်းပညာရှင်နှစ်ဦးစီလိုက်ပါပို့ဆောင်ပေးကြောင်း သိရသည်။ Robotaxis ဟုအမည်ပေးထားသည့် မောင်းသူမဲ့ တက္ကစီများကို Hunan Apollo Intelligent Transportation မှ စီစဉ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
မြို့အတွင်း လူအသွားအလာများသည့် လူနေအဆောက်အဦများ၊ စီးပွားရေးလုပ်ငန်းများနှင့် အပန်းဖြေနေရာများနှင့် စက်မှု ဇုန်များတစ်ဝိုက် စတုရန်းကီလိုမီတာ ၁၃၀ ခန့်အထိ ၎င်း မောင်းသူမဲ့တက္ကစီများ ဖြင့် သွားလာနိုင်မည်ဖြစ်သည်။
ချန်ရှားမြို့တွင် မောင်းသူမဲ့ယာဉ်များအတွက် စံချိန်စံညွှန်းဖြင့်ကိုက်ညီသည့် စည်းမျဉ်းများချမှတ်ပြီး စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။မောင်းသူမဲ့ တက္ကစီ စမ်းသပ်မောင်းနှင်မှုကိုကျေးလက်ဒေသရှိ လမ်း အရှည် ၁၇၅ ကီလိုမီတာ နှင့် အနီးတဝိုက်တွင် လည်း ဆက်လက်လုပ်ဆောင်သွားရန်စီစဉ်ထားကြောင်းသိရသည်။ (Xinhua)