Videos
သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် အတူ မြန်မာ့ လက်မှု မီးပုံးများ ရောင်းအား သွက်နေ
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)
မြန်မာတို့၏ ရိုးရာ ပွဲတော် တစ်ခု ဖြစ်သော အောက်တိုဘာလတွင် ကျရောက်သည့် သီတင်းကျွတ် မီးထွန်း ပွဲတော် နီးကပ်လာသည်နှင့်အတူ ပြည်တွင်း ဈေးကွက်တွင် လက်လုပ် မီးပုံးများမှာ ဝယ်လိုအား များပြားလျက် ရှိနေသည်။
အဆိုပါ လက်လုပ် မီးပုံးများတွင် နေအိမ် အလှဆင် ချိတ်ဆွဲ သည့် မီးပုံး နှင့် ကလေး ကစားစရာ လက်တွန်းလှည်း မီးပုံးများ ပါဝင်ကြပြီး ၎င်းတို့ကို သီတင်းကျွတ် မီးထွန်း ပွဲတော် မတိုင်မီကတည်းက အသက်အရွယ် မရွေး ဝယ်ယူ အားပေးနေကြသည်ကို တွေ့ရသည်။
မြန်မာ့ ရိုးရာ လက်လုပ် မီးပုံးများ၏ အဓိက ကုန်ကြမ်း အဖြစ် ဝါး ကို အသုံးပြုကာ အခြေခံအားဖြင့် ပုံစံ မျိုးစုံ ပုံဖော်ကြောင်း သိရသည်။
အလှဆင် ချိတ်ဆွဲသည့် မီးပုံးများနှင့်အတူ ကလေးများကို အဓိက ရည်ရွယ်သည့် ကစားစရာ လက်တွန်း မီးပုံးများသည်လည်း ဈေးကွက်တွင် ချဲ့ထွင် နေရာယူလာကြကာ ကစားစရာ လက်တွန်း မီးပုံးများတွင် ယုန်ရုပ် ၊ ကြက်ရုပ် ၊ ငါးရုပ် ၊ ဒေါင်းရုပ် ၊ လေယာဉ် အရုပ် နှင့် အခြားပုံသဏ္ဍာန် အမျိုးမျိုး ရှိပြီး ရောင်စုံ စက္ကူများဖြင့် အလှဆင်ထားသည်။
ရိုးရာ လက်လုပ် မီးပုံး လုပ်ကိုင်သူ အများစုသည် သီတင်းကျွတ် မီးထွန်း ပွဲတော် မတိုင်မီ သုံးလခန့်အလိုတွင် လုပ်ငန်းများ စတင် လုပ်ကိုင်ကြကြောင်း သိရသည်။
တစ်ချို့သော အရောင်းဆိုင်များသည် မီးပုံး လုပ်ကိုင်သူများထံမှ မီးပုံးများ ဝယ်ယူပြီး ပြန်လည် ရောင်းချရာတွင် ဆွဲဆောင်မှု ရှိစေရန် မီးသီးများဖြင့် ထပ်မံ အလှဆင်ပြီး ရောင်းချခြင်းများ ရှိကြသည်။(Xinhua)