Videos
ရခိုင်ပြည်နယ်ရှိ လိုအပ်ချက်များအကူညီပေးရန်အသင့်ရှိဟု ကိုဖီအာနန်ဆို
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း တည်ငြိမ်မှု လိုအပ်သည့် နေရာများတွင် နယ်စပ် ထိန်းချုပ်မှု ကဲ့သို့ ကိစ္စများကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြောကြားခဲ့သည်။
၎င်းကရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း အားလုံး ၊ အသက်အရွယ် အားလုံးတို့၏ လိုအပ်ချက်များ ၊ စိုးရိမ်ပူပန်မှုများကို သိရှိနားထောင်ရန် နှင့် အားလုံး၏ အသံကို ကိုယ်စားပြုနိုင်ရန် ရှိနေကြောင်း ၊လူငယ် မျိုးဆက်သစ်များနှင့် တွေ့ဆုံရာတွင် လူငယ်များ၏ ပူးပေါင်း ဆောင်ရွက်လိုသည့် စိတ်ဓာတ်ကြောင့် စိတ်အားတက်မိကြောင်း ပြောကြားခဲ့သည်။
ထို့အတူ လုံခြုံရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်သည့် နေရာတိုင်းတွင် အရပ်သားများကို အမြဲတစေ အကာအကွယ် ပေးရန် လိုအပ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရခြင်းကြောင့် ပြည်သူလူထုထံ လူသားချင်း စာနာ ထောက်ထားရေး အကူအညီများကို အဟန့့်အတား မဖြစ်စေရန် အလေးအနက် ပြောကြားခဲ့ကြောင်း ၊ လူသားချင်း စာနာရေး လုပ်ငန်း အကူအညီများကို ခွင့်ပြုပေးရန် အာမခံ ပြောပြထားကြောင်း ၊ အကူအညီ လိုအပ်နေသည့် အသိုက်အဝန်းများ အားလုံး လိုအပ်သည့် အကူအညီကို ရရှိကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်သည် နိုဝင်ဘာလ ၂၉ ရက်မှ စတင်၍ ၈ရက်ကြာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အခြား မြို့နယ်များသို့ သွားရောက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)