International Organizations
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— စပိန်စူပါဖလားတွင် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်မည်ဟု လီဝန်ဒေါစကီး မျှော်လင့်
ဇန်နဝါရီ ၁၂ ရက်၌ ယှဉ်ပြိုင်ကစားမည့် စပိန်စူပါဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်ကြောင်း ဘာစီလိုနာတိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ပြောကြားခဲ့သည်။
စပိန်စူပါဖလား ဆီမီးဖိုင်နယ်တွင် ဘာစီလိုနာက အက်သလက်တစ် ဘီဘာအိုကို ၂-၀ ဂိုးဖြင့်လည်းကောင်း၊ ရီးရဲလ်မက်ဒရစ်က မာလော့ကာကို ၃-၀ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ယူကာ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ရှိ ဘုရင်အဗ္ဗဒူလာ အားကစားမြို့တော် အားကစားကွင်းတွင် ဇန်နဝါရီ ၁၂ ရက် ညနေပိုင်း၌ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
“အဲဒီပွဲမတိုင်ခင်မှာ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ဗိုလ်လုပွဲက တကယ့်ကိုကောင်းမွန်တဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ အဲဒါတွေက အထူးပြိုင်ပွဲတွေမို့လို့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဘောလုံးစွမ်းရည်ကို ပြသသွားမှာပါ။ ဒီပြိုင်ပွဲက ဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်မယ့် ပထမဆုံးအခွင့်အရေးဖြစ်တာမို့ အဲဒီဆုဖလားကို အရယူချင်ပါတယ်” ဟု လီဝန်ဒေါစကီးက ESPN ရုပ်သံသို့ ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။
…..
— ဘွန်ဒက်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်က မွန်ချန်ဂလာဘက်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယား၌ ဆက်လက်ဦးဆောင်
ဇန်နဝါရီ ၁၁ ရက်၌ ယှဥ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဥ်-၁၆ တွင် ဘိုင်ယန်မြူးနစ်က တိုက်စစ်မှူး ဟယ်ရီကိန်း၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် မွန်ချန်ဂလာဘက်ကို အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံး၌ လေးမှတ်ဖြတ်၍ ဆက်လက်ဦးဆောင်လျက်ရှိသည်။
ပွဲချိန် ၆၆ မိနစ်တွင် အိမ်ရှင် မွန်ချန်ဂလာဘက်အသင်းမှ လူးကပ်စ် အူးရစ်ချ်က ဘိုင်ယန်တိုက်စစ်ကစားသမား မိုက်ကယ် အိုလစ်ဆီကို ဂိုးဧရိယာထဲတွင် ပြစ်ဒဏ်ကျူးလွန်သဖြင့် ရရှိခဲ့သည့် ပင်နယ်တီကို ဟယ်ရီကိန်းက ဂိုးပေါက်၏ ညာဘက်ထောင့်သို့ တည်တည်ငြိမ်ငြိမ်ဖြင့် အနိမ့်ကန်သွင်းကာ အနိုင်ဂိုးသွင်းယူခဲ့သည်။ အဆိုပါဂိုးမှာ ယခုဘောလုံးရာသီတွင် ၎င်း၏ ၁၅ ဂိုးမြောက် သွင်းဂိုးဖြစ်သည်။
ထို့နောက် မွန်ချန်ဂလာဘက်အသင်းက ချေပဂိုး သွင်းယူနိုင်ခြင်းမရှိသလို ဘိုင်ယန်မြူးနစ်ကလည်း အခွင့်အရေးများကို ဖြုန်းတီးခဲ့သဖြင့် ပွဲအပြီးတွင် ဘိုင်ယန်က ၁-၀ ဂိုးဖြင့်သာ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံး၌ လေးမှတ်ဖြတ်၍ ဆက်လက်ဦးဆောင်နေကာ မွန်ချန်ဂလာဘက်မှာမူ ယခုရာသီတွင် ၆ ပွဲမြောက် ရှုံးပွဲကြုံခဲ့ရပြီးနောက် အဆင့်-၁၀ သို့ ရောက်ရှိသွားခဲ့သည်။
…..
— ဒေးဗစ်မွိုက်စ် တစ်ကျော့ပြန် အဲဗာတန်နည်းပြဖြစ်လာ
ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းက ဒေးဗစ်မွိုက်စ်အား နည်းပြချုပ်သစ်အဖြစ် ဇန်နဝါရီ ၁၁ ရက်တွင် ခန့်အပ်လိုက်ရာ မွိုက်စ်အနေဖြင့် မန်ချက်စတာယူနိုက်တက် နည်းပြအဖြစ် တာဝန်ယူရန် လွန်ခဲ့သော ၁၂ နှစ်နီးပါးက ထွက်ခွာသွားခဲ့သည့် အဲဗာတန်အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
အသက် ၆၁ နှစ်အရွယ် စကော့တလန်သားဖြစ်သူ မွိုက်စ်မှာ ဇန်နဝါရီ ၉ ရက်၌ ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် အဲဗာတန်နည်းပြ ရှောင်ဒိုက်ချ်၏နေရာတွင် အစားထိုးတာဝန်ယူရန်အတွက် အဲဗာတန်အသင်းနှင့် ၂ နှစ်ခွဲသက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ကြောင်း သိရသည်။ အဲဗာတန်အသင်းမှာ ပရီးမီးယားလိဂ်၌ အဆင့်-၁၆ ၌ ရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
သို့ဖြစ်ရာ မွိုက်စ်အနေဖြင့် အိုးထရက်ဖို့ဒ်သို့ မပြောင်းရွှေ့မီ ဘောလုံးရာသီ ၁၁ ခုကြာ ကိုင်တွယ်ခဲ့သည့် အသင်းဟောင်းတစ်သင်းဆီသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
…..
— ဩစတြေးလျအိုးပင်း၌ ပထမဆုံး ဂရင်းစလင်းချန်ပီယံဆု ဆွတ်ခူးနိုင်ရန် ကျိန့်ချင်းဝန် မျှော်လင့်
အားအင်ပြည့်ဝ၍ စိတ်ဓာတ်တက်ကြွနေသည့် တရုတ်တင်းနစ်အကျော်အမော် ကျိန့်ချင်းဝန်က ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် အကောင်းဆုံးလက်စွမ်းပြကာ ၎င်း၏ပထမဆုံး ဂရင်းစလင်းချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် တရုတ်တင်းနစ်ကစားသမား ၁၁ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း လူအများ၏အာရုံမှာ တစ်ဦးတည်းသော ဆီဒင်ရ တရုတ်ကစားသမားဖြစ်သည့် ကျိန့်အပေါ်၌သာ ကျရောက်လျက်ရှိသည်။ အသက် ၂၂ နှစ်အရွယ် ကျိန့်မှာ မဲလ်ဘုန်းမြို့တွင် ဇန်နဝါရီ ၁၂ ရက်၌ စတင်ကျင်းပမည့် တင်းနစ်ရာသီအဖွင့် ဂရင်းစလင်းပြိုင်ပွဲ၏ အမျိုးသမီးတင်းနစ်ပြိုင်ပွဲ၌ ဆီဒင်-၅ ရရှိထားသည်။ (Xinhua)
#Sports #SuperCupFinal #BayernMunich #DavidMoyes #ZhengQinwen #အားကစား #စပိန်စူပါဖလား