Connect with us

News

ပေါရိသတ်မြို့ဟောင်း (ခေါ်)ကောသမ္ဘီမြို့ဟောင်း မြို့ဝင်ပေါက် စမ်းသပ် တူးဖော် သုတေသနပြု လုပ်ငန်းဆောင် ရွက်ပြီးစီး

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပေါရိသတ်မြို့ဟောင်း (ခေါ်)ကောသမ္ဘီမြို့ဟောင်း မြို့ဝင်ပေါက်အားတွေ့ရစဉ် (ဓာတ်ပုံ-ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပေါရိသတ်မြို့ဟောင်း (ခေါ်)ကောသမ္ဘီမြို့ဟောင်း မြို့ဝင်ပေါက် စမ်းသပ် တူးဖော် သုတေသနပြုလုပ်ငန်းဆောင် ရွက်ပြီးစီးကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပေါရိသတ်မြို့ဟောင်း(ခေါ်) ကောသမ္ဘီမြို့ဟောင်း(ဒေသအခေါ် မြို့ကြီးကွင်း) သည် ရှမ်းပြည် နယ်တောင်ပိုင်း၊ တောင်ကြီး ခရိုင်၊ တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းတည်ရှိသည်။ ညောင်ရွှေမြို့မှ မြောက်ဘက် (၄) မိုင်နှင့် ရွှေညောင်မြို့ မှ တောင်ဘက် (၁.၃၄) မိုင် ကွာဝေးသည်။ မြို့ဟောင်း၏ ပုံသဏ္ဌာန်သည် မှန်ကူကွက်ပုံသို့မဟုတ် အနားပြိုင်စတုဂံပုံရှိပြီး (၁.၇၀) စတုရန်းမိုင် (၉၂၄ ဧက) ကျယ်ဝန်းသည်။ မြောက်ဘက်နှင့် တောင်ဘက်မြို့ရိုးသည် (၂၁၅၀ မီတာ)ရှည်ပြီး အရှေ့ ဘက်နှင့် အနောက်ဘက်မြို့ရိုးသည် (၁၅၅၀မီတာ)ခန့်ရှည်လျားကြောင်း သိရသည်။

၎င်းမြို့ဟောင်းအား တူးဖော်သည့် ရည်ရွယ်ချက်မှာမြို့ရိုးနှင့် မြို့ဝင်ပေါက်၏ ဗိသုကာလက်ရာနှင့် အထောက်အထားတို့ကိုဖော်ထုတ်ထိန်းသိမ်းရန်၊ အဆောက်အအုံတည်ဆောက်မှုနည်းစနစ်အားသိရှိနိုင်ရန်၊ တွေ့ရှိလာမည့် အထောက်အထားများ၊ ဝတ္ထုပစ္စည်းများအား ပျူခေတ်ယဉ်ကျေးမှုများနှင့် နှိုင်းယှဉ်လေ့လာနိုင်ရန်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

တူးဖော်မှုအရ မြို့ဝင်ပေါက်သည် (၄၈၄) စင်တီမီတာကျယ်ပြီး၊ မြို့ရိုးသည် (၁၇၀) စင်တီမီတာထုနှင့် မြို့ဝင်ပေါက်လက်တံသည် (၁၆၃) စင်တီမီတာထုရှိကြောင်းသိရှိရသည်။ မြို့ရိုးကိုအောက်ခြေတွင် မီးသင့်ကျောက်(ဒေသအခေါ် ဓာတ်ကျောက်)ကိုခင်း၍ အုတ်မြစ်ခံထားကြောင်း သိရသည်။
ပစ္စည်းများအနေဖြင့် အချယ်အလှယ်မပါသောအိုးခြမ်းကွဲများနှင့် ဆီမီးခွက်၊ ရေသယ်အိုး၊သိုလှောင်အိုး၊ ချက်ပြုတ် အိုး၊ ရေစင်တော်သွန်းအိုး၊ သပိတ်ပုံသဏ္ဌာန်အိုးစသည်တို့၏ အချယ်အလှယ်များပါသော အိုးခြမ်းကွဲများ၊ လက်ရေးစင်းများ၊ ပျူဂဏန်း၊ သင်္ချာဂဏန်းများဟုယူဆရသော (၂၀၊ ၈၀) ဂဏန်းများ၊ခွေးခြေရာများပါရှိသော (၁၈ × ၉ × ၃) လက်မအရွယ် အုတ်များ၊ ခုံးအုတ်၊ လှိုင်းတွန့် (၃) တွန့်ပါ အုတ်၊ ထပ်ဆက်နိုင်သည့် မြောင်းပါအုတ်များ၊သံမယ်နများ ၊ ကြေးချောင်းများတွေ့ ရှိရသည်။

သို့ဖြစ်ပါ၍ ပေါရိသတ်မြို့ဟောင်းခေါ်ကောသမ္ဘီမြို့ဟောင်း၏ မြို့ရိုးဝင်ပေါက်သည် မန္တလေးတိုင်းဒေသ ကြီး၊ မြစ်သားမြို့နယ်ရှိပင်လယ်မြို့ဟောင်း(မိုင်းမော)၏ မြို့ဝင်ပေါက်(ကုန်းအမှတ် – ၁၈) နှင့် ဆင် တူပြီး၊ တွေ့ရှိရသည့် အုတ်များသည် ကုန်းအမှတ် (၂၀) နှင့် ဆင်တူသည်ကိုတွေ့ရှိရသဖြင့် ပျူခေတ်နှင့်မရှေးမနှောင်းထွန်းကား ခဲ့သည့်မြို့ဟောင်း တစ်ခုဖြစ်သည်ဟုလတ်တလောအားဖြင့် သုံးသပ်ကြောင်းနှင့် ယခုထက်ပိုမိုတိကျခိုင်လုံသောရလဒ်များရရှိနိုင်ရန်အတွက် ထပ်မံသုတေသနပြုတူးဖော်ရန်လိုအပ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.