News
ရွေးကောက်ပွဲ အတည်ပြုရလဒ်များ အတည်ပြုကြေညာ ပြီးစီး (ရုပ်သံ)
ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) တည်းဖြတ် /စုဝင့်၊ ရိုက်ကူး/ဝေယံ
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ ၁၅ ရက်တွင် အတည်ပြုကြေညာ ပြီးစီးခဲ့ရာတွင် နိုင်ငံရေးပါတီ ၁၉ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၁,၁၁၃ ဦး နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦး တို့အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီများအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၅၈ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၁၃၈ ဦး ၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၅၀၁ ဦး နှင့် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၃ ဦး စုစုပေါင်း ၉၂၀ ဦးဖြင့် အများဆုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အသီးသီးတွင် ယှဉ်ပြိုင်အနိုင်ရရှိခဲ့မှုများအနက် တနင်္သာရီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ လွှတ်တော်မဲဆန္ဒနယ် အားလုံးတွင် ရာနှုန်းပြည့် အနိုင်ရရှိခဲ့ကြောင်းလည်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၆ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၇ ဦး နှင့် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ၃၈ ဦး စုစုပေါင်း ၇၁ ဦးဖြင့် ဒုတိယအများဆုံးအဖြစ်လည်းကောင်း ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၁၃ ဦး ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂ ဦး ၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၇ ဦး စုစုပေါင်း ၄၂ ဦးဖြင့် တတိယအများဆုံးအဖြစ်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
ယခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၃၇ သန်းကျော် ရှိပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သုံးကြိမ်မြောက် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲလည်း ဖြစ်သည်။ (Xinhua)