News
၂၀၂၁ ခုနှစ်အတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများကို အမည်သစ်ဖြင့်ကျင်းပမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
လာမည့် ၂၀၂၁ ခုနှစ်အတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများကို အမည်သစ်များဖြင့် အဆင့်မြှင့်တင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။
“အာရှဘောလုံးအဖွဲ့ချုပ်က အမည်သစ်တွေ နဲ့ ကျင်းပမယ် ဆိုတဲ့ အကြောင်း ကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါက အဆင့်မြှင့်တင်ခြင်းလည်းဖြစ်တယ် လို့ AFC ရဲ့ကြေညာချက်ထဲမှာပါပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြား သည်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှနှစ်စဉ် သက်တမ်းအလိုက်အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲများ၊ လက်ရွေးစင်ပြိုင်ပွဲများ၊ ကမ္ဘာ့ဖလား၊ အာရှဖလားနှင့် အိုလံပစ်ခြေစစ်ပွဲစဉ်များအပြင် ဖူဆယ်နှင့်သဲသောင်ပြင်ပြိုင်ပွဲများကိုလည်း ကျင်းပလျက်ရှိကြောင်း သိရသည်။
လက်ရွေးစင်အဆင့်ပြိုင်ပွဲများသည် ပရိသတ်စိတ်ဝင်စားမှု ရရှိပြီးဖြစ်သော်လည်း လူငယ်သက်တမ်းအလိုက်ပွဲစဉ်များနှင့် ဖူဆယ်ပြိုင်ပွဲများသည် ပရိသတ်စိတ်ဝင်စားမှု နည်းပါးလျက်ရှိကြောင်း၊ ထို့ကြောင့်လူငယ်ပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများကို Championship အမည်မှ Asain Cup အမည်ဖြင့် အဆင့်မြှင့်တင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ယူ-၁၆၊ ယူ-၁၉၊ ယူ-၂၃ အစရှိသည့် Championship အမည်ဖြင့် ကျင်းပလျက်ရှိသော ပြိုင်ပွဲများအားလုံးကို လာမည့် ၂၀၂၁ခုနှစ်မှ စတင်၍ Asian Cup အမည်ဖြင့်သာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၀ပြည့်နှစ်အတွင်း COVID19 ရောဂါအခြေအနေကြောင့် မကျင်းပဖြစ်ခဲ့သော သက်တမ်းအလိုက်ပြိုင်ပွဲများအားလုံးကို သက်တမ်းတစ်နှစ်တိုး၍ ၂၀၂၁ ခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ (Xinhua)