Local
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၈)အစည်းအဝေးမှ ခွင့်ပြုမိန့် (၇)ခုနှင့် အတည်ပြုမိန့် (၁၂)ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၈)အစည်းအဝေးမှ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုမိန့် (၇)ခုနှင့် အတည်ပြုမိန့် (၁၂)ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၈)ကြိမ်မြောက် အစည်းအဝေး ကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြကြောင်း၊ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် လျှောက်ထားလွှာများအား စိစစ်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရရှိပြီးသော ကုမ္ပဏီ များမှ တင်ပြလာသည့် အထွေထွေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)