Connect with us

Local

ရေဘေးသင့် ပြည်သူများ အခြေခံ စားသောက်ကုန် ပစ္စည်းများကို သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူ စားသုံးနိုင်စေရေး ညှိနိူင်း ဆွေးနွေး

အခြေခံ စားသောက်ကုန် ပစ္စည်းများ သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူ စားသုံးနိုင်စေရေး ညှိနိုင်း ဆွေးနွေးပွဲတွင် ကုန်သည် စက်မှုအသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်မှ ဆွေးနွေး ပြောကြားနေစဉ် (ဓာတ်ပုံ- UMFCCI)

ရန်ကုန် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ရေဘေးသင့် ဒေသများတွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်စေရေးနှင့် လက်လီစနစ်ဖြင့် ဝယ်ယူလိုသူများအား ပြန်လည် ဖြန့်ဝေပေးနိုင်ရန် ကော်မတီ တစ်ရပ်ဖွဲ့စည်း ဆောင်ရွက်သွားရေး ညှိနိူင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကော်မတီအား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကုန်သည် စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပူးပေါင်း၍ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး အပါအဝင် ရေဘေးသင့် ဒေသများသို့ ပို့ဆောင်မည့် စားသောက်ကုန်ပစ္စည်းများအား ပင်လယ် ကမ်းရိုးတန်း ရေကြောင်းအသင်းနှင့် ကုန်သေတ္တာတင် မော်တော်ယာဉ် အသင်းများမှ ဈေးနှုန်း သက်သာစွာ သယ်ယူ ပို့ဆောင်နိုင်စေရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် အခြေခံ စားသောက်ကုန် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေး၊ ဆက်စပ်လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိက ကဏ္ဍများအနေဖြင့် ဆန်စပါး ကုန်သည်များ အသင်းမှ မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသပေါင်း (၁၉) ခုတွင် ဆန်ဈေးနှုန်း တည်ငြိမ်မှု ရှိစေရန် သင့်တင့် မျှတသော ဈေးနှှုန်းဖြင့် လက်ကားဖြန့်ဝေနိုင်ရေး၊ ဆီ လုပ်ငန်းရှင်များအသင်း၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းနှင့် ဆားလုပ်ငန်းရှင်များ အသင်းတို့မှလည်း ပဲ၊ ဆီ၊ ဆားနှင့် အခြေခံ စားသောက်ကုန်တို့ကို လက်ကား ဖြန့်ဝေသွားရေးတို့နှင့် ပတ်သက်၍လည်း ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ ကုန်သည် စက်မှုအသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်၊ ကုန်သည် စက်မှု အသင်းချုပ်နှင့် သက်ဆိုင်ရာ ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)