Connect with us

Local

စီးပွားရေးတိုးတက်လာရန် တစ်နိုင်ငံလုံးလွှမ်းခြုံမည့်မူဝါဒ ပြတ်ပြတ်သားသား ချမှတ်ဆောင်ရွက်ရန်လိုအပ်ဟုစီးပွားရေးပညာရှင်များသုံးသပ်

ရန်ကုန်မြို့မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ရက် (ဆင်ဟွာ)

ယနေ့ နိုဝင်ဘာ ၈ ရက်ဆိုလျှင် ရွေး ကောက်ပွဲ တစ်နှစ်ပြည့်ပြီ ဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )ပါတီ အစိုးရအဖြစ် တာဝန်လွှဲယူတာ ခုနစ်လကျော်သည့်အချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်လာဖို့ ဆိုပါက တစ်နိုင်ငံလုံးလွှမ်းခြုံမည့် စီးပွားရေးမူဝါဒ ကို ပြတ်ပြတ်သားသားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နားလည်သည့် လူများ နှင့် တိုင်တိုင်ပင်ပင် အစိုးရ နှင့် ပုဂ္ဂလိက စီးပွားမိတ်ဖက်ဆောင်ရွက်မှု (Private-Public Partnership) လုပ်ဖို့လိုအပ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆင်ဟွာကိုပြောသည်။

ဒေါက်တာမောင်မောင်လေးက “အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံံဖြိုးတိုးတက်မှုကို အလားအလာကောင်းတယ်လို့ ပြောတယ်။ မြန်မာနိုင်ငံမှာ အခြေခံစာရင်းဇယားတွေ တွက်ချက်မှုက မမှန်ကန်ဘူးဆိုတဲ့ အချက်လည်း ရှိတယ်။ လောလောဆယ်တော့ ပုံစံက မကျသေးဘူး။ နည်းနည်းချင်းတော့ ဘက်စုံကနေ တိုးတက်လာမှာပါ။ နိုင်ငံရေးရော ၊ စီးပွားရေးရော တွဲလုပ်မှရမယ်။ ဆင်းရဲမှုပပျောက်ဖို့က ဒီနည်းပဲ ရှိတယ်။ အင်တိုက်အားတိုက်တော့ လုပ်နေကြတယ်။ ဟိုးအထက်ပိုင်းကလည်း အောက်ခြေမှာ ဖြစ်နေတာကို နက်နက်ရှိုင်းရှိုင်းတော့ သိဖို့လိုတယ်။ အပေါ်ယံသိလို့တော့ မရဘူး။” ဟုပြောသည်။

မြန်မာ့နိုင်ငံ၏ စီးပွားရေးတိုးတက်လာရန် ပညာရှင်များ ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံသားများအားလုံးပါဝင်ရန်လိုအပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြညက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက်နိုင်ငံသူနိုင်ငံသား အားလုံး ပါဝင်ပြီး တော့ ဆောင်ရွက်စေလိုကြောင်း၊ အတိတ်ကို ကြည့်တာ မဟုတ်ဘဲ နှင့် အနာဂတ်ကို မျှော်သည့် နေရာမျိုးက ဆက်ပြီး ဆောင်ရွက် သွားလိုကြောင်း၊ထိုကဲ့သို့ ဆောင်ရွက်သည့်အခါတွင် ပြည်တွင်းက လုပ်ငန်းရှင်များသာမက ပြည်ပ က မိတ်ဆွေများ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရာမှာ စိတ်ပါဝင်စားသည့် မိတ်ဆွေများ၊ စီးပွားရေး လုပ်ငန်းရှင်များ ကိုလည်း ဖိတ်ခေါ်ချင်ကြောင်း၊ အစိုးရသစ်၏ အခြေခံ မူဝါဒများနှင့် ပတ်သက်၍တရားဥပဒေစိုးမိုးရေးကို ထိပ်တန်းနေရာ၌ ထားပြီး ထိုသို့ထားရှိခြင်းသည် စီးပွားရေး လုပ်ငန်းများကို ဘောင်ခတ်ခြင်း မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက ထားရမယ့် တစ်ချက်မှာလည်း ပြည်သူ အရည်အချင်း မြှင့်တင်ရေးဖြစ်တယ်။ အဲ့ဒါကို အခြေခံပြီးမှသာ ရေရှည် တည်တံ့ခိုင်မြဲနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေး စနစ်မျိုး ထူထောင်နိုင်မှာပါ၊ ကျွန်မတို့ ပြည်သူတွေရဲ့အစွမ်း အစအရည်အချင်းကို အဓိက အားကိုးတဲ့ စနစ်မျိုးသာလျှင် ရေရှည် တည်တံ့ ခိုင်မြဲမယ်လို့ ထင်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

စီးပွားရေး တိုးတက်မှု နှင့် ပတ်သက်၍ လက်ရှိတွင် တိုးတက်မှုသိပ်မရှိသေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

မြန်မာကျပ်ငွေ နှင့် ဒေါ်လာအားတွေ့ ရစဉ်(ဆင်ဟွာ)

ငွေကြေးဖောင်းပွမှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရဖြစ်လာချိန်တွင် စီးပွားရေးမူဝါဒ ၁၂ ချက်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် စီးပွားရေးမူဝါဒ ၁၂ ချက်အား အကောင်အထည်ဖော်နိုင်မှု အားနည်းခဲ့ကြောင်း နှင့် ငွေကြေးဖောင်းပွမှုသည် NLD အစိုးရ လက်ထက်တွင် မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ဧပြီလတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၁. ၆၆ ရာခိုင်နှုန်း၊ မေလတွင် ၁၁ .၉၅ ရာခိုင်နှုန်း၊ ဇွန်လတွင် ၁၂ . ၁၄ ရာခိုင်နှုန်း၊ ဇူလိုင်လတွင် ၁၂. ၁၂ ရာခိုင်နှုန်း၊ သြဂုတ်လတွင် ၁၁ . ၄၆ ရာခိုင်နှုန်း ၊ စက်တင်ဘာလတွင် ၉ . ၁၆ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာမောင်မောင်လေးက “ဒေါ်လာဈေးဆက်တိုက်တက်ရတာက အဓိကက ဗဟိုဘဏ်အားနည်းလို့ ။ ဗဟိုဘဏ်က ပိုက်ဆံရှိရင် ကြားမှာ ဝင်ခံပေးလို့ရတယ်။ ဗဟိုဘဏ်က ပိုက်ဆံမရှိတော့ သူတို့ထင်သလိုဝင်ကစားလို့မရဘူး။ ဒေါ်လာဈေးတက်ရတာက ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မူတည်တာပဲ။ အမေရိကန်ရွေးကောက်ပွဲရယ်၊ ယူရိုငွေကို စိတ်မချတာနဲ့ ဒေါ်လာကို ကမ္ဘာမှာ ပြောင်းကိုင်လာတယ်။ အားလုံးကတော့ ဆက်နွယ်နေတယ်။ တတ်သိနားလည်တဲ့ပညာရှင်တွေ၊ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး မှန်ကန်တဲ့ မူဝါဒ ချပြီးဆောင်ရွက်ရင် ကောင်းလာမှာပါ’’ ဟုပြောသည်။

ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများဆောင်ရွက်လျက်ရှိ

နိုင်ငံတော်ဘတ်ဂျက်သည်လည်း လိုငွေပြမှုများ၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားလာမှုများအား လက်ရှိအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်တွင် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး တွင်နိုင်ငံတော်သမ္မတဦးထင်ကျော်က “နှစ်အဆက်ဆက် ဘတ်ဂျက်လိုငွေပြမှု အပါအဝင် ကုန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေများအရ ငွေဖောင်း ပွမှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ငွေရေးကြေးရေး နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီ ဖြစ်ပါကြောင်း၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေး ထောက်ပံ့မှု တိုးမြှင့်ရရှိရန်၊ နိုင်ငံပိုင်လုပ်ငန်းများ ပြန်လည်တည်ဆောက်ရန်၊ ပြောင်းလဲနိုင်ရန် ဆက်လက် ဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း၊ တစ်ဘက်တွင်လည်း ကမ္ဘာ့စီးပွားရေး နှေးကွေးကြပ်တည်းနေသည့် ယခု အချိန်တွင် နိုင်ငံတော်၏ဘဏ္ဍာငွေများကို သုံးစွဲရာတွင် စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြရန်၊ သုံးစွဲမှုများနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှု မြှင့်တင်ပြီး စောင့်ကြည့်မှုခံယူနိုင်ရန် မှာကြားရန်လိုကြောင်း’’ ပြောကြားခဲ့သည်။

သမ္မတဦးထင်ကျော်ကဆက်ပြီး “ဘတ်ဂျက်နှင့်ပတ်သက်၍ ပြန်လည်ပြင်ဆင်ခဲ့ရခြင်းများ ကြောင့် အစိုးရ၏ငွေလုံး ငွေရင်း အသုံးစရိတ်များ အပြောင်းအလဲ ရှိနိုင်ခြင်းအပေါ် စောင့်ဆိုင်းသုံးစွဲရသည့် အတွက် ပြည်တွင်း ဈေးကွက် အပေါ် သက်ရောက်မှု အချို့ရှိခဲ့ပါကြောင်း၊ လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ မက်ခရို စီးပွားရေးအခြေအနေအရ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) သည် ခန့်မှန်းထားသည် ထက် လျော့နည်းနိုင်ပြီး စီးပွားရေး တိုးတက်မှုနှုန်းသည်လည်း ခန့်မှန်းသည်ထက် လျော့နည်းနိုင်သည်ကို တွေ့ရှိရပါကြောင်း။ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ငွေကြေး တန်ဖိုးများအပေါ် ရိုက်ခတ်ခဲ့ရာတွင် မြန်မာနိုင်ငံသည်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများကို ကြုံတွေ့ခဲ့ ရပါကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။

ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နံှမှု

စီးပွားရေး တိုးတက်လာစေရန် NLD အစိုးရအနေဖြင့် ကြိုးစားလျက်ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဘီလျံ ခန့်မှန်းထားသည်။ ယခုဘဏ္ဍာနှစ်တွင် အောက်တိုဘာလကုန် အထိ ခွင့်ပြုခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၆၄ခု တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၄၃.၂၈၉ (၂ ဘီလျံကျော်)ရှိကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၂၉ ခု အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၅.၈၅၉ နှင့် ကျပ်သန်း ၂၈၂၇၂၄.၂၇၉ရင်းနှီးမြှုပ်နှံမှု ရှိကြောင်း၊ လုပ်ငန်းများအားခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု ၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု ၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု ၊ ပြည်တွင်းပြည်ပ ဈေးကွက် အခြေအနေ ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက် နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှု နှင့် လူမှုရေး ထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံ များ စသည်တို့ အပေါ်တွင်လည်း ထည့်သွင်း စဉ်းစားခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) မှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုအပိုင်းအနေနှင့် အမေရိကန်ဘက်မှ အများကြီးဝင်လာရန်ရှိကြောင်း၊ UMFCCI နှင့်လည်း လက်မှတ်ထိုးရန်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများဝင်ရန်ရှိသော်လည်း အခြေခံအဆောက်အအုံ အားနည်းမှုရှိနေကြောင်း၊ လျှပ်စစ်မီး၊ Social Impact Assessment စသည့်အချက်များအား ထည့်သွင်းစဉ်းစားကြကြောင်း၊ လုပ်ငန်းကထွက်သည့် ရေဆိုးစွန့်ပစ်မှုက အစ ရင်းနှီးမြှုပ်နှံမည့်သူများက ထည့်သွင်းစဉ်းစားကြကြောင်း ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကဆိုသည်။

ကုန်သွယ်ရေး

ကုန်သွယ်မှုအနေဖြင့်တိုးတက်လာနိုင်မည့် ရောင်ခြည်များသန်းလျက်ရှိကြောင်း သိရသည်။ အထူးသဖြင့် အမေရိကန်သို့ ထုတ်ကုန်များ တင်ပို့နိုင်မည့်အလားအလာ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

ဒေါက်တာမောင်မောင်လေးက “အမေရိကန်က စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းတဲ့အခါ မြန်မာနိုင်ငံမှ အမယ်ပေါင်း ၅၀၀၀ ကို အခွန်နှုန်းသက်သက်သာသာ နဲ့ ပို့နိုင်မှာဖြစ်တယ်။ အဲ့ဒီ့တော့လည်း အမေရိကန်ကိုပို့ဖို့ အမယ်သစ်တွေကိုလည်း ကိုယ့်ဖက်က ရှာနိုင်ဖို့လိုတယ်။ ဒီအခွင့်အရေးကိုယူပြီး တခြားနိုင်ငံကလည်း မြန်မာနိုင်ငံမှာ လာပြီး ကုန်ပစ္စည်းထုတ်လို့ရတယ်။Product of Myanmar ဆိုပြီး အမေရိကန်ဈေးကွက်ကို သက်သက်သာသာနဲ့ ပို့လို့ရတယ်။’’ ဟုပြောသည်။

လွှတ်တော်မှာ ဒါတွေဆောင်ရွက်ခဲ့တယ်

ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

၂၀၁၅ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် NLD ပါတီမှ ကိုယ်စားလှယ်အများစု ပါဝင်သည့် ဒုတိယအကြိမ်မြောက် လွှတ်တော်ပုံမှန် အစည်းအဝေးများအား ကျင်းပခဲ့သည်။

စီးပွားရေး နှင့် ပတ်သက်၍ လွှတ်တော်တွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ဥပဒေကြမ်း အား အတည်ပြု နိုင်ခဲ့ကြောင်း၊ လွှတ်တော် တွင် ကော်မတီ အချို့သည် အနည်းငယ်အားနည်းတာတွေရှိကြောင်း၊ ဥပဒေနှင့် ပတ်သက်သည့် ကော်မရှင်များလည်း အလုပ်လုပ်လျက်ရှိကြောင်း၊ လွှတ်တော်တွင်း ဆွေးနွေးမှုများသည်လည်း ပါတီစွဲ မရှိပဲ ပြည်သူ့ အတွက်ရှေးရှုပြီး စဉ်းစားပြီး ဆွေးနွေးကြလျှင် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

စီးပွားရေး နှင့် ပတ်သက်ပြီးအစိုးရသစ် လွှတ်တော်တွင် ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ဥပဒေ အား ပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီများ ဥပဒေ အားလည်း မကြာမီ လွှတ်တော် တင်သွားရန်ရှိကြောင်း DICA မှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးကပြောကြားခဲ့သည်။ (Xinhua)