Local
ပြည်တွင်း ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ဗဟိုဘဏ် ထပ်မံ ညွှန်ကြား
ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)
ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထပ်မံ ညွှန်ကြားထားကြောင်း သိရသည်။
ထိုကိစ္စအား ယခင်က ထုတ်ပြန်ခဲ့သော်လည်း လိုက်ပါ ဆောင်ရွက်မှု အားနည်းခဲ့ခြင်းများ ရှိကြောင်း ၊ ပြည်တွင်း၌ ဒေါ်လာ လိုအပ်ချက် မြင့်မားပြီး ဒေါ်လာဈေး မတည်ငြိမ်မှုများကို ဖြေရှင်းရန် နည်းလမ်း တစ်ရပ် အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ကုန်တင်သွင်းမှု လုပ်သူများ အပါအဝင် ဘဏ်မှ တဆင့် ကျပ်ငွေ သွင်းပြီး ဆောင်ရွက် နိုင်သည် အထိ တွင်ကျယ်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှုးချုပ် ဦးဝင်းသော်က ယနေ့ဇန်နဝါရီ ၃ ရက်တွင် ဆင်ဟွာသို့ပြောသည်။
ယခု ညွှန်ကြားချက် အရ ပြည်တွင်းရှိ လေကြောင်းလိုင်း ၊ ဟိုတယ် ၊ ကျောင်း စသည်တို့တွင် ဒေါ်လာ အစား ကျပ်ငွေ အသုံးပြုပြီး ငွေပေးချေရမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် အဆင့်ဆင့် ညွှန်ကြား အရေးယူ ဆောင်ရွက်များ လုပ်ရန် အသိပေးထားကြောင်း ၊ ပူးပေါင်းပါဝင်မှု မရှိသော လုပ်ငန်းများအား နိုင်ငံတကာ ကဲ့သို့ငွေဒဏ် ၊ ထောင်ဒဏ် ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းမှု စသည့် အဆင့်ဆင့် အရေးယူမှုများ ပြုလုပ်သွားမည့် ကြေငြာချက်အား ထပ်မံ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ကိစ္စအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်စွဲဖြင့် ပေးပို့အကြောင်းကြားခြင်း ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် မိမိ လက်အောက်ခံ အဖွဲ့အစည်းများ ၊ ဆက်စပ် ဆောင်ရွက်လျက်ရှိသော အစိုးရ နှင့် ပုဂ္ဂလိက လုပ်ငန်းများ ၊ အဖွဲ့အစည်းများ အတွင်း ကုန်ပစ္စည်းများ ဝယ်ယူ ရောင်းချခြင်းနှင့် ဝန်ဆောင်မှု ဆောင်ရွက်ခြင်းများ အတွက် ပေးချေခြင်း ၊ ဈေးနှုန်း ဖော်ပြခြင်း ကိစ္စရပ်များတွင် နိုင်ငံခြား သုံးငွေဖြင့် သတ်မှတ်ခြင်း ၊ တောင်းခံ/သုံးစွဲခြင်း မပြုဘဲ ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်သွားရန် ထပ်မံ ညှိနှိုင်း အကြောင်းကြားထားကြောင်း သိရသည်။(Xinhua)