Connect with us

Local

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် အထွေထွေကိစ္စရပ်များအား နိုင်ငံတော်အဆင့် ဆွေးနွေး

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် အထွေထွေကိစ္စရပ်များအား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ (၂၁)ကြိမ်မြောက် မြန်မာ-အိန္ဒိယ နယ်စပ် နယ်ဘက် အာဏာပိုင်များ၏ နိုင်ငံတော်အဆင့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

(၂၁)ကြိမ်မြောက် မြန်မာ-အိန္ဒိယ နယ်စပ်နယ်ဘက်အာဏာ ပိုင်များ၏ နိုင်ငံတော်အဆင့်အစည်းအဝေးကို ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့အား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်ပြီး အိန္ဒိယကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထဲရေး အတွင်းဝန် Mr.Rajiv Gauba ဦးဆောင်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကိစ္စရပ်များ၊ နယ်နိမိတ် စီမံခန့်ခွဲရေး ကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံ အကျဉ်းထောင်ရှိ ရေလုပ်သားများအပါအဝင် မြန်မာနိုင်ငံသားများ ကိစ္စ နှင့် မြန်မာနိုင်ငံ အကျဉ်းထောင်ရှိ အိန္ဒိယနိုင်ငံသားများဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝသားငှက် တိရစ္ဆာန် တရားမဝင် ရောင်းဝယ် မှုကိစ္စရပ်များစသည်တို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ (၂၁)ကြိမ်မြောက် မြန်မာ-အိန္ဒိယ နယ်စပ် နယ်ဘက်အာဏာပိုင်များ၏ နိုင်ငံတော်အဆင့် အစည်းအဝေး သဘောတူညီမှုမှတ်တမ်းအား နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သိရသည်။

၁၉၉၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့၌ လက်မှတ်ရေးထိုးခဲ့သော မြန်မာ-အိန္ဒိယ နယ်စပ် နယ်ဘက် အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ မြန်မာ-အိန္ဒိယ နယ်စပ်နယ်ဘက်အာဏာပိုင် များ၏ နိုင်ငံတော်အဆင့်အစည်းအဝေးများကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၌ အလှည့်ကျကျင်းပခဲ့ရာ ယခုအကြိမ်သည် (၂၁)ကြိမ်မြောက် နိုင်ငံတော်အဆင့် စည်းဝေးဆွေးနွေးနိုင်ခဲ့ ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.