Local
ရခိုင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံရန် အတည်ပြုလွှာများ တင်ပြလာခြင်းအပေါ် စိစစ်ပြီး ပထမ အကြိမ် အတည်ပြုမိန့် ပေးအပ်
ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ)
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံရန် အတည်ပြုလွှာများ တင်ပြ လာခြင်း အပေါ် စိစစ်ပြီး ပထမအကြိမ် အတည်ပြုမိန့် ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂ဝ၁၈) ကြိမ်မြောက် အစည်းအဝေးအား အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီမှ ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့်ရရှိသည့် မာန်အောင်ရတနာ ကုမ္ပဏီ လီမိတက်အား အတည်ပြုလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုကုမ္ပဏီသည် မာန်အောင်ကျွန်းတွင် အော်ဂဲနစ် အုန်းသီးအခြေပြု အုန်းဆီသန့်၊ စားသောက်ကုန်နှင့် အခြား လူသုံးကုန် ပစ္စည်းများ ပေါင်းစပ်ထုတ်လုပ်မှုလုပ်ငန်းအတွက် ရခိုင်ပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီမှ ပထမဆုံးအကြိမ် အတည်ပြု မိန့် ရရှိခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုလို ရင်းနှီးမြှုပ်နှံမှုများရရှိလာအောင် ဖိတ်ခေါ်ပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပြည်နယ်အနေဖြင့် ရင်းနှီး မြှုပ်နှံမှုများကို ရသလောက်ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားရန် မှာကြားထားကြောင်း ၊ ကော်မတီ အဖွဲ့ဝင်များကလည်း ရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်ပေးကြစေလိုကြောင်း ကော်မတီ၏ (၄/၂ဝ၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။(Xinhua)