Connect with us

Local

လာမည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် ၂ သန်း တင်ပို့နိုင်ရန် မှန်းထား

ပြည်ပသို့ ဆန်တင်ပို့ ရန် ဆိပ်ကမ်း၌ ပြင်ဆင်နေမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် ၂ သန်း တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ယနေ့မတ် ၂၅ ရက်တွင် ပြောသည်။

ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပ နိုင်ငံများသို့ဆန်တန်ချိန် ၁.၆ သန်း နီးပါး တင်ပို့နိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ သန်း တင်ပို့နိုင်ရန် မှန်းထားကြောင်း ၎င်းက ရန်ကုန်စတော့ အိတ်ချိန်း(YSX)၌ ပြုလုပ်သော Towards Economic Growth ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။အစိုးရသစ် လက်ထက်တွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် စွမ်းဆောင်မှုများ တက်လာခဲ့သည်ကို တွေ့ရှိရကြောင်း ၊ နိုင်ငံခြား ငွေကြေး လဲလှယ်နှုန်းများ မြင့်တက်ခဲ့သဖြင့် ပို့ကုန် လုပ်ငန်းရှင်များ အတွက် ဈေးကွက်ကောင်းများ ရရှိခဲ့ကြောင်း UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

အစိုးရ အနေဖြင့် လယ်ယာ ကဏ္ဍအား မြှင့်တင် ဆောင်ရွက်မည် ဆိုပါက အစားအစာ ထွက်ကုန် သာမက အစားအစာ မဟုတ်သည့် ထွက်ကုန်(Non-Food Product)များ အတွက်လည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း ၊ အခြား စိုက်ပျိုးရေး ထွက်ကုန်များအား မှုလ အတိုင်း တင်ပို့ခြင်းထက် တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ စိုက်ပျိုးရေးမှ စိုက်ပျိုး စီးပွား အဖြစ် ဝင်ငွေ များများ ရအောင် ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့သည်။(Xinhua)