Local
ဟိုတယ်နှင့် တည်းခိုရိပ်သာများ နိုင်ငံတကာ အခြေခံစံနှုန်းမီစေရန် မြို့နယ်စည်ပင်များနှင့် ညှိနှိုင်း ဆောင်ရွက်မည်
နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဟိုတယ်နှင့် တည်းခိုခန်းများကို ကမ္ဘာ့လှည့် ခရီးသည်များအတွက် နိုင်ငံတကာ အခြေခံစံနှုန်းမီ ဖြစ်စေရန် မြို့နယ်စည်ပင်များနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ဝန်ကြီးဌာနအနေနဲ့ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းအတွက် လုပ်ငန်း လိုအပ်ချက်များ သတ်မှတ်၍ လိုင်စင်ဆိုင်ရာ အမိန့်များ ထုတ်ပြန် ဆောင်ရွက်ခဲ့ပါတယ်၊ သတ်မှတ်ရာမှာလည်း ဟိုတယ်နှင့် တည်းခိုရိပ်သာ များ ကို ကမ္ဘာ့လှည့် ခရီးသည်များအတွက် နိုင်ငံတကာ အခြေခံစံနှုန်းများနှင့် ကိုက်ညီသော အဆင့်အတန်း မီ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ပေါ်ထွက်လာရေး၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ပိုမို ရရှိစေ ရေး၊့ဟိုတယ်နှင့် တည်းခိုရိပ်သာများ များပြားလာပြီး အိပ်ခန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေး၍ အခန်းခများ သက်သာစေရေးဆောင်ရွက်သကဲ့သို့ဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်စေစေရန်လည်း သတ်မှတ် ဆောင်ရွက်နေပါတယ်၊ ဟိုတယ်လုပ်ငန်းတွေကို ဝန်ကြီးဌာနက ဟ လိုင်စင် အဖြစ် ချပေးပြီး တည်းခိုရိပ်သာ တွေကိုတော့ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီ တွေက တ လိုင်စင်တွေ ချပေးပါတယ်၊ အဆင့်မြှင့်လိုက်တဲ့ တည်းခိုရိပ်သာတွေကို နိုင်ငံခြားသား တည်းခိုခွင့် ပြုထားတာလည်း ရှိပါတယ်၊ စံနှုန်း သတ်မှတ်ချက်တွေကို တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်အောင် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားပါမယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။
နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ “ မြန်မာနိုင်ငံအတွင်း ဟိုတယ်နှင့် တည်းခိုခန်းများ ဖွင့်လှစ်ရန် လုပ်ငန်းလိုင်စင်များ၊ လျှောက်ထားခြင်း၊ ခွင့်ပြုခြင်း တို့နှင့် စပ်လျဉ်းပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကသာ တာဝန်ယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် အမေးကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဖြေကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခင်က မြို့နယ် စည်ပင်သာယာ လိုင်စင်ဖြင့် ဆောင်ရွက်ခဲ့ရာမှ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန လိုင်စင်ဖြင့် ဆောင်ရွက်နိုင်ရန် လိုအပ်သော အဆင့်မြှင့်မှုများကို ပြုလုပ်ပြီး လိုင်စင် လျှောက်ထားလာသည့် တည်းခိုရိပ်သာများလည်းရှိကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ တည်းခို ရိပ်သာ လေးလုံး (အခန်းပေါင်း ၇၄ ခန်း) တို့ကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဝန်ကြီးဌာနက လိုင်စင် ချထားပေးပြီးသော ဟိုတယ် နှင့် တည်းခိုရိပ်သာ အရေအတွက်မှာ တစ်နိုင်ငံလုံးတွင် ၂၀၁၆ စက်တင်ဘာ လကုန်အထိ ဟိုတယ် ၁၀၁၆ လုံး( အခန်း ၄၇၆၁၃ ခန်း)၊ တည်းခိုရိပ်သာ ၃၅၅ လုံး (အခန်း ၆၅၆၇ ခန်း)၊ စုစုပေါင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၃၇၁ လုံး (အခန်း ၅၄၁၈၀ ခန်း) ရှိကြောင်းလည်း ဝန်ကြီးက လွှတ်တော်သို့ရှင်းပြခဲ့သည်။ (Xinhua)