Local
မြန်မာ့ ကျောက်မျက်ရတနာ အချောထည်များ တင်ပို့ရောင်းချမှုအတွက် One stop service center ကို မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ရန် စီစဉ်

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)
မြန်မာ့ ကျောက်မျက်ရတနာ အချောထည်များကို ပို့ကုန်လိုင်စင်မလိုဘဲ One stop service center ဖြင့် တရားဝင်ဆောင်ရွက်နိုင်ရန် မန္တလေး၊ ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ မြစ်ကြီးနားမြို့တွင်ပါ ၂၀၁၅ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ကျောက်စိမ်း ရောင်းဝယ်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရပါသည်။
မြန်မာ့ ကျောက်မျက်ရတနာ အချောထည်များကို ပြည်ပသို့ရောင်းချ လိုသူများသည် One stop service center ကိုလာရောက်ရမည် ဖြစ်ပြီး ယင်း Center မှ ပစ္စည်း၏တန်ဖိုးကို သက်မှတ်ပေးကာ ပစ္စည်းတန်ဖိုး၏ ၁၀ % ကို အခွန်ကောက်ခံမည် ဖြစ်ပါသည်။
၎င်း One stop service လုပ်ဆောင်ခြင်းကြောင့် အားသာချက်အနေနှင့် မှောင်ခိုဈေးကွက် လျော့နည်း ပပျောက်သွားမည်ဖြစ်သော်လည်း သတိပြုသင့်သည့် အချက်အနေနှင့် တန်ဖိုးသတ်မှတ် သည့် အဖွဲ့အစည်းက တိကျမှန်ကန်သည့် တန်ဖိုးဖြတ် သက်မှတ်နိုင်မှသာ နိုင်ငံတော်၏ ဘဏ္ဍာငွေကို တိုးမြှင့် ကောက်ခံနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ထွက်ရှိသည့် ကျောက်မျက် အချောထည်များတွင် ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းပုတီးများက ပိုမိုရောင်းချရပြီး မန္တလေး၊ လားရှိုး၊ မူဆည်လမ်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့ ကုန်းလမ်းဖြင့် တင်ပို့နေခြင်း ဖြစ်သည်။
မြန်မာ့ကျောက်မျက်ရတနာ အချောထည်ရောင်းချခြင်းမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း (၆၆.၈၅)သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း နှစ်ထောင်နှစ်ရာကိုးဆယ့်ငါးဒသမသုံးခြောက် (၂၂၉၅.၃၆) သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ထောင်ခုနှစ်ရာနှစ်ဆယ့်ရှစ်ဒသမကိုးနှစ် (၁၇၂၈.၉၂) သန်းကို နိုင်ငံတော်ဘဏ္ဍာငွေ အခွန်များအဖြစ် ကောက်ခံရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ သတင်းတွင် ထုတ်လွှင့်ခဲ့သည်။ (Xinhua)