Business
မြန်မာနိုင်ငံက ၁၁လနီးပါးအတွင်း ပဲတီစိမ်းတန်ချိန် ၅၄၃,၆၀၆ ကျော် တင်ပို့နိုင်

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် ဧပြီလမှစတင်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁ လနီးပါးတွင် ပဲတီစိမ်းတန်ချိန် ၅၄၃,၆၀၆ ကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် ဆန်ကုန်သည်များအသင်းမှ အကြံပေး ဦးစိုးဝင်းမောင်က “ဧပြီလအထိကို ပဲတီစိမ်းတန်ချိန် ၅၄၃,၆၀၆ တင်ပို့နိုင်ခဲ့ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ပဲတီစိမ်းကို ပိုမိုတင်ပို့နိုင်ဖို့အတွက် နွေစပါးနဲ့ ဆောင်းပဲတီစိမ်းကို အကျိုးတူလယ်ယာစနစ် (contract farming) ကိုလုပ်နေတာရှိတယ်။ အထွက်တိုးမယ်လို့တော့ မျှော်လင့်ထားပါတယ်” ဟုဆင်ဟွာသို့ပြောသည်။

ရန်ကုန်မြို့ရှိ စက်ရုံတစ်ရုံတွင် ပဲတီစိမ်းနမူနာများကို ၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်ကရိုက်ကူးထားသော ဓာတ်ပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ စက်ရုံတစ်ရုံတွင် ပဲတီစိမ်းအိတ်များကို သယ်ယူနေသော အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ မတ် ၁၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ စက်ရုံတစ်ရုံတွင် ပဲတီစိမ်းများကို စိစစ်ရွေးချယ်နေသော အလုပ်သမားများအား၂၀၂၃ ခုနှစ်၊ မတ် ၁၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၂ ခုနှစ်ဧပြီ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံအနေဖြင့် ပဲတီစိမ်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈၉.၆၉ သန်းကျော် ရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ပဲတီစိမ်းများကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ အများဆုံးတင်ပို့ရကြောင်း သိရသည်။
၁၁ လနီးပါးကာလအတွင်း ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံ တန်ချိန် ၁. ၆ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
ပဲတီစိမ်းနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် စပါးပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသော သီးနှံဖြစ်ကာ နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (Xinhua)