Business
၁၁ လတာကာလအတွင်း မြန်မာ၏ နိုင်ငံခြားကုန်သွယ်မှုမှာ ၁၄. ၀၈ ရာခိုင်နှုန်း တိုးတက်လာ
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်းသွင်းကုန်နှင့် ပို့ကုန်စုစုပေါင်းက ယမန်နှစ်ကထက် ၁၄ .၀၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂. ၀၁ ဘီလီယံကျော်ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။
ပြီးခဲ့သည့်နှစ် အလားတူကာလအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈ .၀၆ ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်အထိ ပို့ကုန်သည် ၂၀၂၂ ခုနှစ်ကထက် အမေရိကန်ဒေါ်လာ ၁၅ .၆၅ ဘီလီယံကျော်ရရှိခဲ့ရာ ၉. ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆.၃၆ ဘီလီယံကျော်ရှိပြီး ၁၈ .၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ရှိပြီး နယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရှည်လျားသောကမ်းရိုးတန်းရှိသောကြောင့် ၎င်း၏နိုင်ငံခြားကုန်သွယ်မှုအများစုကို ပင်လယ်ရေလမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်လေ့ရှိပြီး၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယတို့နှင့် နယ်စပ်ကုန်သွယ်မှုအများဆုံးပြုလုပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ တွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ အချောထည်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)