Business
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ မှ ဇူလိုင်လအတွင်း ပဲနှင့် ပဲမျိုးစုံ ၅၅၁,၈၀၂ တန်ကျော်တင်ပို့နိုင်ခဲ့

ရန်ကုန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမလေးလအတွင်း ပဲနှင့် ပဲမျိုးစုံ ၅၅၁,၈၀၂ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၃၉ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဩဂုတ် ၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၈ ရက်အထိ မြန်မာ့ပင်လယ်ရေ ကြောင်းမှ ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၄၆၂,၈၉၄ ကျော် တင်ပို့ခဲ့ပြီး နယ်စပ်မှ တစ်ဆင့် ပဲနှင့် ပဲမျိုးစုံ ၈၈,၉၀၇ တန်ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ ပဲနှင့် ပဲမျိုးစုံ တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်တွင် တင်ပို့ခဲ့သည့် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း သိရသည်။
ဆန်၊ ပဲနှင့် ပဲမျိုးစုံတို့သည် မြန်မာနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်များဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမလေးလအတွင်း လယ်ယာထွက်ကုန် တင်ပို့မှုမှအမေရိကန်ဒေါ်လာ ၁ .၀၈ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲနှင့် ပဲမျိုးစုံကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)