Connect with us

Business

မြန်မာနိုင်ငံက ၉ လတာကာလအတွင်း ရေထွက်ကုန်ပစ္စည်း တန်ချိန်ပေါင်း ၃၂၀,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ငါးအမျိုးအစားခွဲခြားနေသော အလုပ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဖြစ်သော ဧပြီလမှ ဒီဇင်ဘာလအထိ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၃၂၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈၄ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းလှိုင်က ဆင်ဟွာသို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင်ပြောသည်။
ယခင်နှစ် အလားတူကာလတွင် ရေထွက်ကုန်ပစ္စည်းတန်ချိန် ၄၀၀,၀၀၀ ဝန်းကျင် တင်ပို့နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ရေထွက်ကုန်တင်ပို့မှုမှာ တန်ချိန် ၇၀,၀၀၀ လျော့နည်းတင်ပို့နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်မတို့ မွေးမြူရေး ရေချိုငါးတွေကို ဆော်ဒီအာရေဗျနိုင်ငံကို တင်ပို့နိုင်ဖို့အတွက် Best Agriculture Practice လို့ခေါ်တဲ့ BAP စနစ် ကို အကောင်အထည်ဖော်နေပါပြီ။ ဒီ BAP စနစ်ကိုသာ အကောင်အထည်‌ ဖော်နိုင်ပြီး ဆော်ဒီကိုသာ တင်ပို့နိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့ ဒီရေချိုငါးတင်ပို့မှုကို အများကြီး လျာထားချက်တွေ ပြည့်မီပြီး တင်ပို့နိုင်လိမ့််မယ် ကျွန်မတို့ယူဆပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အခု BAP စနစ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက်ကိုလည်း တွန်းအားပေးဆောင်ရွက်နေပါတယ်။ တရုတ်နိုင်ငံကို ရေထွက်ကုန်ပစ္စည်းအရှင်တွေ တင်ပို့နိုင်ဖို့အတွက်လည်း ပရိုတိုကောမှာ လက်မှတ်ထိုးဖို့ လုပ်နေပါတယ်” ဟု ဒေါ်သင်းသင်းလှိုင်က ပြောသည်။

မြန်မာနိုင်ငံသည် ရေထွက်ကုန်ပစ္စည်းများကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိုမန်၊ ကူဝိတ်၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဂျော်ဒန်နှင့် ဂျပန် စသည့်နိုင်ငံတို့ကိုလည်း တင်ပို့လျက်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)