Economy
BRICS New Development Bank က ၂၀၁၇ ခုနှစ်အတွင်း ချေးငွေ ကန်ဒေါ်လာ ၂.၅ ဘီလီယံ ထုတ်ချေးပေးမည်

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
BRICS အဖွဲ့ဝင်နိုင်ငံများက တည်ထောင်ထားသည့် ဘက်စုံပါဝင်သော ဘဏ္ဍာရေး အဖွဲ့တစ်ခုဖြစ်သော New Development Bank (NDB) သည် ယခုနှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံအထိ ချေးပေးနိုင်ရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က NDB အနေဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ် ၇ ခုအတွက် ချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံ အထိ ချေးပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်နှောင်းပိုင်းတွင် အခြား ချေးငွေများ ထပ်မံပေးနိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနလက်အောက်ရှိ Think tank အဖွဲ့တစ်ခုဖြစ်သော နိုင်ငံတကာ စီးပွားရေးနှင့် ငွေကြေးအဖွဲ့အစည်း ညွှန်ကြားရေးမှူး ကျိုးကျွမ်းဝူက ပြောသည်။
ကျိုး၏ အဆိုအရ NDB ဘဏ်သည် လွန်ခဲ့သည့် နှစ်နှစ်ကျော် လုပ်ငန်း စတင်လည်ပတ်ခဲ့စဉ်ကတည်းက လုပ်ငန်းများစွာ လုပ်ကိုင်ခဲ့သည်ဟုဆိုသည်။ ဥပမာအားဖြင့် ယွမ် ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၅၄.၅ သန်း) တန်ဖိုးရှိသော ယွမ်ငွေ သုံးစွဲမှု အခွန်ကင်းလွတ်ခွင့်များ ထုတ်ပြန်ခဲ့သလို NDB အာဖရိက ဒေသဆိုင်ရာ စင်တာကို ဂျိုအန်နက်စ်ဘာ့ခ်တွင် ယခုလ အစောပိုင်းက ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“NDB က ဒီငါးနိုင်ငံအတွက်တော့ ကလေး တစ်ယောက်လိုပါပဲ” ဟု ကျိုးကဆိုသည်။
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သော ရှမိန်တွင် စက်တင်ဘာလ ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်မည့် ထိပ်သီး အစည်းအဝေးတွင် BRICS အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံကြမည် ဖြစ်ပြီး အဖွဲ့ဝင် ငါးနိုင်ငံအတွင်း စီမံကိန်းအသစ်များအတွက် ရန်ပုံငွေ သဘောတူညီချက်များကဲ့သို့သော လုပ်ငန်းများကိုလည်း ထပ်မံမြင်တွေ့ရဖွယ် ရှိသည်။ (Xinhua)