Environment, Disasters & Accidents
ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၆ ခုနှစ်အတွင်း မီးလောင်မှု အကြိမ်ရေ ၂၂ဝ ဖြစ်ပွားခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၆ ခုနှစ် အတွင်း မီးလောင်မှု အကြိမ်ရေ ၂၂ဝ ဖြစ်ပွားခဲ့ရာ ၂ဝ၁၅ ခုနှစ်ထက် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်းပေါင်း ၃၆,ဝဝဝ ကျော်ပိုမို ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၂ဝ၁၆ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှုသည် ၂ဝ၁၅ ခုနှစ် မီးလောင်ကျွမ်းမှုနှင့် နှိုင်းယှဉ်လျှင် လေးကြိမ် လျော့ကျခဲ့သော်လည်း ဆုံးရှုံးမှု ငွေကြေးတွင် ယခင်နှစ်ကထက် ငွေကျပ်သန်း ၃၆,ဝဝဝ ကျော်ပိုမို ဆုံးရှုံးခဲ့ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၅ ခုနှစ်အတွင်း မီးလောင်မှု ၂၂၄ ကြိမ်၊ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၃၆၅,၂၇ဝ,၅ဝဝ ရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် မီးလောင်မှု အကြိမ် ၂၂ဝ ကြိမ်သာ ရှိခဲ့သော်လည်း ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၃၆,၄ဝ၄,၇ဝ၅,ဝဝဝ အထိ ရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။
ဖြစ်ပွားခဲ့သည့် မီးလောင်မှု အများစုတွင် ပေါ့ဆမီးနှင့် လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှုက ပိုမိုများပြားပြီး ၂ဝ၁၆ ခုနှစ်တွင် ပေါ့ဆမီး ၁ဝ၅ ကြိမ်၊ လျှပ်စစ်မီး ၈၈ကြိမ် လောင်ကျွမ်းကာ ၂ဝ၁၅ ခုနှစ်တွင် ပေါ့ဆမီး ၈၉ ကြိမ်နှင့် လျှပ်စစ်မီး ၉၉ ကြိမ် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ (Xinhua)