Politics, Law & Military
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင် အမေရိကန်၏ ရန်စမှုကို ကန့်ကွက်
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရေပိုင်နက်ဖြစ်သော တောင်တရုတ်ပင်လယ်အတွင်း Xisha ကျွန်းစုကမ်းရိုးတန်းရေပြင်သို့ အမေရိကန် စစ်သင်္ဘော တစ်စင်းက အခွင့်မရှိဘဲ ဖြတ်ကျော်ဝင်ရောက်ခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံရေတပ်မှ ဒုံးကျည်တပ်ဆင်ထားသော ဖရီးဂိတ်စစ်သင်္ဘော တစ်စင်း ၊ တိုက်လေယာဉ် နှစ်စင်း နှင့် ရဟတ်ယာဉ်တစ်စင်း တို့က အဆိုပါ အမေရိကန်စစ်သင်္ဘောအား ဝန်းရံ၍ သတိပေးမှု ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ၏ ဒုံးဖျက်စစ်သင်္ဘော Chafee သည် တရုတ်နိုင်ငံ၏ ရေပိုင်နက်အနီး Xisha ကျွန်းစု အနီးသို့အောက်တိုဘာလ ၁ဝ ရက်တွင် ခုတ်မောင်းခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ထိုသို့ပြုလုပ်ခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် လုံခြုံရေးကို ခြိမ်းခြောက်ရန်စမှုဖြစ်ကြောင်း ၊ နှစ်နိုင်ငံစစ်တပ်အကြား နှစ်ဖက်ယုံကြည်မှုကိုသာမက ဒေသတွင်းတည်ငြိမ်ရေးကိုပါ ထိခိုက်စေကြောင်း ဆက်လက်ဖော်ပြထားသည်။
တရုတ်စစ်တပ်အနေဖြင့်နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် တည်ငြိမ်ရေးကို ကာကွယ်ရန် အနာဂတ်တွင် ၎င်း၏ ရေတပ် နှင့် လေတပ် စွမ်းအင်ကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံစစ်တပ်အကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် လုပ်ဖို့သိပ်ကို အရေးကြီးတဲ့အဆင့် တစ်ခုပါ။ နှစ်နိုင်ငံဆက်ဆံရေးကို အပေါင်းလက္ခဏာ အားအင်တွေ ဖြည့်ဆည်းဖို့နဲ့ မှားယွင်းမှုတွေကို ပယ်ဖျက်ဖို့ရိုးသားတည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့လုပ်ဆောင်ဖို့ကို အမေရိကန်နိုင်ငံအား တောင်းဆိုပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)