Politics, Law & Military
ကသိကအောက်ဖြစ်ဖွယ် G-7 အဖွဲ့၏ ဆွေးနွေးမှု ၊ အဘယ်သို့ ဦးတည်လျှောက်လှမ်းမည်နည်း
ပေကျင်း၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ)
တစ်နှစ်တစ်ကြိမ် ကျင်းပသည့် G-7 အဖွဲ့ကြီး၏ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၄ ရက်တွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း အပန်းဖြေနာမည်ကျော်မြို့ဖြစ်သည့် Biarritz၌ ကျင်းပမည်ဖြစ် သည်။ ဆွေးနွေးပွဲမတိုင်မီ အရိပ်လက္ခဏာများအရ သာယာလှပသည့် ရှုမျှော်ခင်းများက G-7 အဖွဲ့၏ ကွဲလွဲမှုများကို မဖုံးလွှမ်းနိုင်၊ ဆွေးနွေးပွဲက ကသိကအောက်ဖြစ်ပြီး မပျော်မရွှင် နောက်ထပ်တစ်ဖန် အဆုံးသတ်နိုင်ဖွယ်များ ရှိနေသည်လောဆိုသည်ကို စဉ်းစားဖွယ် ဖြစ်နေရသည်။
G-7 အဖွဲ့ကြီးကို ၁၉၇၀ ပြည့်လွန်ကာလများ၏ အလယ်ပိုင်းနှစ်များတွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ရာ ထိုစဉ်က အနောက်တိုင်းနိုင်ငံများတွင် အမေရိကန်ဒေါ်လာအကျပ်အတည်း၊ ရေနံ အကျပ်အတည်းစသည့် ပြဿနာမီးများနှင့် ရှုပ်ထွေးနေချိန်ဖြစ်ရာ အနောက်တိုင်းစီးပွားရေး ပြန်လည်နလန်ထူလာစေရန် ညှိနှိုင်းဆောင်ရွက်ဖို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ပြည့်လွန်နှစ်များတွင် စစ်အေးတိုက်ပွဲအဆုံးသတ်ပြီးနောက် အဆိုပါ အများအသိအမှတ်ပြုကြသည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံအဖွဲ့ G-7 သည် ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့် ကိစ္စရပ်များတွင် ဦးဆောင်မှုရှိသော အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
သို့ဖြစ်သော်လည်း ယခုနှစ်ပိုင်းများတွင် ထွန်းသစ်စနိုင်ငံများ တိုးတက်ဦးမော့လာသည့်အခါ G-7 ဦးဆောင်သည့် ကမ္ဘာ့ရေးရာကဏ္ဍများမှာ သံသယဖြစ်ဖွယ်မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ၂၀၀၈ ခုနှစ် နိုင်ငံတကာဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားပြီးနောက် ဖွံ့ဖြိုးပြီးနိုင်ငံများက ဆုတ်ယုတ်သည့်အရိပ်မည်းလွှမ်းခြုံခံခဲ့ရရာ စီးပွားရေးအရှိန်အဟုန်ဖြင့်တိုးတက်လာသည့် ထွန်းသစ်စနိုင်ငံများက ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုကို ကျော်လွှားရန် အဓိက အင်အားစုများ ဖြစ်လာသည်။ ဖွံ့ဖြိုးပြီးနိုင်ငံ ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ခြုံငုံပါဝင်သည့် ကမ္ဘာ့စီးပွားရေးကို ပိုမိုကိုယ်စားပြုနိုင်မည့် G-20 အဖွဲ့က ကမ္ဘာ့စီးပွားရေး ပြန်လည်တည့်မတ်ရမည့် အရေးကြီးအချိန်အခါမှာ ပို၍ ထွန်းလင်းလာကာ G-7က မှေးမှိန်နေသဖွယ်ရှိနေပါသည်။
ထို့အပြင် G-7 အဖွဲ့တွင်းတွင် ယနေ့အခါ ယုံကြည်မှုပျက်ပြားမည့်အခြေအနေ ပိုမိုသိသာထင်ရှားလာသည်။ အထူးသဖြင့် အမေရိကန်တွင် ထရမ့်အစိုးရ အာဏာရပြီးနောက် အစဉ်အလာမဟာမိတ်များကို အားနာမှုမရှိ၊ အမေရိကန် ဦးစားပေး လုပ်ဆောင်ချက်ကို ထင်ထင်ပေါ်ပေါ်လုပ်ဆောင်လျက်ရှိရာ G-7 အဖွဲ့အတွင်း ကွဲလွဲမှုများ ပိုမို ဆိုးဝါးလာသည်။ အခွန်စည်းကြပ်မှုမှ အီရန်နျူကလီးယားပြဿနာ၊ ဒစ်ဂျစ်တယ်အခွန်အငြင်းပွားမှုမှ ဗြိတိန်၏ Brexitအထိ အမေရိကန်နှင့် ဥရောပအကြား ၊ ဥရောပနိုင်ငံများအချင်းချင်းအကြား ပဋိပက္ခအငြင်းပွားမှုများက အထပ်ထပ် ၊သဘောတူညီချက်ရရန်ခက် ဖြစ်နေသည်။ ပြင်သစ်နိုင်ငံ နိုင်ငံတကာဆက်ဆံရေးနှင့်မဟာဗျူဟာ သုတေသန ဌာန ပညာရှင် ရာမီဘရိုက လက်ရှိ G-7 ရင်ဆိုင်နေရသည့်အခက်အခဲမှာ ဆွေးနွေးရန်မဟုတ်၊ ဆွေးနွေးနိုင်မည့် အကြောင်းအရာကို ရှာရန်ဖြစ်သည်ဟု ဆိုသည်။
G-7အဖွဲ့၏ စိတ်ဝမ်းကွဲပြားမှုကို ရုရှားနိုင်ငံအပေါ်ထားရှိသည့် သဘောထားတွင် တွေ့နိုင်သည်။ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထရမ့်က ၂၀၁၄ ခုနှစ် ယူကရိန်း အရေးကြောင့် ထုတ်ပယ်ထားသည့် ရုရှားကို G-8အဖွဲ့တွင်ပါဝင်ရန် အဆိုပြုရာမှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် ၊ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့က ယခုအချိန်တွင် ရုရှားကို ပြန်လည်ပါဝင်ရန်ဖိတ်ခေါ်မှုမှာ အချိန်အခါ စောနေသေးသည်ဟု ဆိုပါသည်။ ထို့အပြင် ကနေဒါကလည်း ရုရှားပြန်လည်ပါဝင်မှုကို ကန့်ကွက်ထားသည်။
သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အချို့နှင့်မီဒီယာများက ယခု G-7 ထိပ်သီးဆွေးနွေးပွဲ၌ အရေးကြီးကဏ္ဍဆွေးနွေးမှုများတွင် သဘောတူညီချက်ရရှိမည်မဟုတ်ဟု အကောင်းမမြင် မှတ်ချက်ပေးနေကြသည်။ ပြင်သစ်နိုင်ငံ နိုင်ငံ တကာ ဆက်ဆံရေး ကျွမ်းကျင်ပညာရှင် ဘာဒီကလည်း ယခုကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲက အမေရိကန်နှင့်ဥရောပအကြား ကွဲလွဲမှုများကို လျော့နည်းစေဖို့ ခဲယဉ်းမည်ဖြစ်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ထရမ့်၏ နိုင်ငံခြားရေးမူဝါဒသည် ကိုယ်ရည်ကိုယ်သွေးပြသရေးဖြစ်ရာ ဆွေးနွေးညှိနှိုင်းရေးမဟုတ်ကြောင်း ၊ထရမ့်သည် မည်သူ့ကိုမျှ ခေါင်းငုံ့စရာမလိုကြောင်း ၎င်း၏မဲဆန္ဒရှင်များကို ပြသရန် အဓိကဖြစ်နေသည်ဟု ဆိုသည်။
ရိုက်တာသတင်းတွင်လည်း အမေရိကန်သည် ကုန်သွယ်ရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အငြင်းပွားမှုများတွင် အခြားနိုင်ငံများနှင့်သဘောထားကိုက်ညီမှုမရှိကွဲလွဲမှုများကြောင့် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သည် ၎င်း၏မဟာမိတ်များနှင့် တူညီသည့်ရပ်တည်ချက်ကိုရှာရန်မှာ ပို၍ ခက်ခဲကြောင်း မှတ်ချက်ပြုသည်။ The Washington Post ကလည်း G-7 တွေ့ဆုံပွဲ အဓိကရည်ရွယ်ချက်မှာ မိသားစုအတွင်းပဋိပက္ခ မကြီးထွားစေရန်နှင့် မတော်တဆမထင်မှတ်မှုများ မဖြစ်ပွားစေဖို့သာဖြစ်ကြောင်း ဟာသနှောဖော်ပြထားသည်။
ပြင်သစ်မီဒီယာအချို့က ပြီးခဲ့သောနှစ်ဆွေးနွေးပွဲတွင် ဆွေးနွေးပွဲပူးတွဲကြေညာချက်ကို လက်မှတ်ထိုးရန် ထရမ့်က ငြင်းဆိုခဲ့သောကြောင့် ကသိကအောက်ဖြစ်ခဲ့ရရာ ယခုနှစ် G-7 ထိပ်သီးဆွေးနွေးပွဲတွင် ထိုဖြစ်ရပ်မျိုးကို ရှောင်ရှားဖို့ ပူးတွဲကြေညာချက်မထုတ်ပြန်သည့် ဖြစ်နိုင်ချေရှိကောင်းရှိမည်ဟု ဆိုသည်။ အကယ်၍ မထုတ်ပြန်နိုင်ခဲ့သည်ရှိသော် ၎င်းမှာ G-7 အဖွဲ့တည်ထောင်သည့် ၄၄ နှစ်ကြာကာလတွင် ပထမဆုံးအကြိမ် ပူးတွဲကြေညာချက်မထုတ်ပြန်ခြင်း ဖြစ်ပေမည်။ G-7 အခြေအနေအပေါ် အနောက်တိုင်းမီဒီယာများကပင် မရှောင်ရှားမဖယ်သွေဖော်ပြလျက်ရှိပေသည်။ Deutsche Welle ကွန်ယက်၏ လွန်ခဲ့သော ရက်များက ထုတ်လွှင့်ချက်များတွင် G-7 အဖွဲ့ကို ရုပ်သိမ်းသင့်ပြီဟုပင် ဆိုသည်။
G-7အဖွဲ့ရုပ်သိမ်းသင့်သည့်အချိန်အခါရောက်မရောက်နှင့် အနာဂတ်ဦးတည်ရာလမ်းကြောင်းမည်သို့လျှောက်လှမ်းရမည်မှာ လက်ရှိတွင် အဖြေမရှိပေ။ G-အဖွဲ့တွင်လည်း ပြုပြင်ပြောင်းလဲမှုများကို ကြိုးစားလုပ်ဆောင်လျက်ရာ ဥပမာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ယခုအကြိမ်ဆွေးနွေးပွဲသို့ တောင်အာဖရိက၊ ချီလီ၊ သြစတြေးလျနှင့်အိန္ဒိယ နိုင်ငံ ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ရာ ရည်ရွယ်ချက်မှာ G-7၏ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုကိုတိုးချဲ့လိုသည့်အတွက်ဖြစ်သည်။ သို့သော်လည်း မည်သို့အကြောင်းကြောင့်ပင်ဆိုစေကာမူ G-7၏ လက်ရှိ ကြုံတွေ့နေရသည့် ခက်ခဲကွဲလွဲမှုများကို တကယ်ပြောင်းလဲနိုင်ရန် ခဲယဉ်းရာ G-7 ထိပ်သီးဆွေးနွေးပွဲမှာလည်း အောင်မြင်မှုရလဒ်ကောင်းများ ရရှိရန် အများကြီးမျှော်လင့်ရန် ခက်ခဲလျက်ရှိကြောင်း သုံးသပ်ရပေသည်။ (Xinhua)