Connect with us

Politics, Law & Military

တရုတ်ရေတပ် သင်္ဘော Zhenghe ချစ်ကြည် ရင်းနှီးမှု ခရီးစဉ်အဖြစ် အမေရိကန် နိုင်ငံသို့ ရောက်ရှိ


ဟိုနိုလူလူ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ် လေ့ကျင့်ရေး သင်္ဘော ကျန့်ဟဲ (Zhenghe) အမေရိကန် နိုင်ငံသို့ လေးရက်တာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် အောက်တိုဘာလ ၁၂ ရက်တွင် ဟာဝိုင်ယီကျွန်းရှိ ပုလဲ ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်။

“ဒီခရီးစဉ်ကနေ ဟာဝိုင်ယီ ပြည်သူတွေနဲ့ သဘာဝ အလှတရားတွေကို လေ့လာခံစားနိုင်မယ့် အခွင့်အရေး ရနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်” ဟု ပုလဲဆိပ်ကမ်း- Hickam ပူးတွဲ အခြေစိုက် စခန်းမှ ဗိုလ်မှူးကြီး စတန်လီကိဗ် ဂျူနီယာက မီဒီယာသို့ ပြောသည်။

ပင်လယ် ရေကြောင်းသွား သင်္ဘော ကျန့်ဟဲ (Zhenghe) အား အမေရိကန် ရေတပ် အရာရှိများ၊ တရုတ်နိုင်ငံ သံရုံး ဝန်ထမ်းများနှင့် ဟာဝိုင်ယီရှိ ပြည်ပရောက် တရုတ်နိုင်ငံသားများက ကြိုဆိုခဲ့ကြသည်။

အဆိုပါ သင်္ဘောပေါ်၌ စစ်တက္ကသိုလ်မှ ကျောင်းသား ၁၇၁ ဦးအပါအဝင် အရာရှိနှင့် သင်္ဘောသား ၃၅၁ ဦး လိုက်ပါလာသည်။

တရုတ် ရေတပ် လေ့ကျင့်ရေး သင်္ဘော Zhenghe အမေရိကန်နိုင်ငံ ဟာဝိုင်အီရှိ ပုလဲဆိပ်ကမ်းသို့ ရေက်ရှိလာစဉ် (ဆင်ဟွာ)

“ဒီတစ်ကြိမ်က ကျန့်ဟဲ သင်္ဘောနှင့် ဟာဝိုင်ယီတို့ အကြား ဒုတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါတယ်၊ ဒီသင်္ဘောဟာ ၁၉၈၇ ခုနှစ်တုန်းကလည်း ပထမဆုံး အကြိမ် ဟာဝိုင်ယီကို လာရောက်ခဲ့တယ်” ဟု အဆိုပါ သင်္ဘော၏ အရာရှိ ယဲ့ခိုင်ဟွာက ဆင်ဟွာသို့ ပြောသည်။

ခရီးစဉ်အတွင်း သင်္ဘောသားများနှင့် ရေတပ် ဗိုလ်လောင်းများသည် အမေရိကန် ရေတပ်အရာရှိများနှင့် နှစ်နိုင်ငံ ရေတပ်အချင်းချင်း ရင်းနှီးမှုနှင့် နားလည်မှု မြှင့်တင်ရန် အမြင်ချင်း ဖလှယ်မှု ဆိုင်ရာ အစီအစဉ် အမြောက် အများ ပြုလုပ်သွားမည် ဖြစ်သည်။ ကျန့်ဟဲ သင်္ဘော အောက်တိုဘာလ ၁၆ ရက်၌ ပြန်လည် မထွက်ခွာမီ နှစ်နိုင်ငံမှ ရေတပ် တပ်သားများသည် လှေလှော်၊ ဘောလုံးနှင့် ဘတ်စကက် ဘော စသည့် အားကစားများလည်း အတူတကွ ကစားကြမည် ဖြစ်သည်။ကျန့်ဟဲ သင်္ဘောသည် စက်တင်ဘာလ ၂၃ ရက်နေ့မှ စ၍ ပင်လယ် ရေကြောင်း ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ အရှေ့မြောက် သလျန် ဆိပ်ကမ်းမြို့မှ စတင် ထွက်ခွာလာခဲ့သည်။ ယင်းသင်္ဘောသည် ပုလဲ ဆိပ်ကမ်း ခရီးစဉ်ပြီးနောက် တောင်ကိုရီယားနိုင်ငံ ချင်းဟေး ဆိပ်ကမ်းသို့ သွားရောက်မည် ဖြစ်သည်။ (Xinhua)