Connect with us

Science & Technology

ဆင်ဟွာက ဂျပန်ဘာသာဖြင့် သတင်းဝန်ဆောင်မှု ထုတ်လွှင့်မည်

ဂျပန်ဘာသာ ဆင်ဟွာသတင်းဝန်ဆောင်မှု မိတ်ဆက်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျိုအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက သတင်းဆောင်းပါးများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုနှင့် အသံဖြင့် သတင်းဖတ်ကြားခြင်းစသည့် သတင်းဝန်ဆောင်မှုအား ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဂျပန်ဘာသာဖြင့် စတင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌက ဇန်နဝါရီလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။

ဆင်ဟွာ သတင်းများအား ဂျပန်ဘာသာဖြင့် ထုတ်လွှင့်ခြင်းသည် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ စပိန်၊ အာရေဗီနှင့် ပေါ်တူဂီ သတင်းဝန်ဆောင်မှုများပြီးနောက် ၈ ခုမြောက် ဖြစ်ကြောင်း ဆင်ဟွာဥက္ကဋ္ဌ ချိုက်မင်းကျိုက ပြောကြားခဲ့သည်။

ဂျပန်ဘာသာ သတင်းဝန်ဆောင်မှုသည် သီးခြားနိုင်ငံတစ်ခုအတွက် ဆင်ဟွာ၏ ပထမဆုံး Multi-media သတင်းဝန်ဆောင်မှုလည်း ဖြစ်ကြောင်း၊ ဆင်ဟွာ ဖွံ့ဖြိုးတိုးတက်မှု၏ အထူးအရေးပါမှုလည်း ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ ကြည့်ရှုသူများအတွက် တရုတ်နိုင်ငံမှ သတင်းများအား ပိုမို အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ချိုက်က ဆိုသည်။

ထို့ပြင် ဂျပန်ဘာသာ သတင်းဝန်ဆောင်မှုအတွက် ဆင်ဟွာ၏ ကမ္ဘာ့သတင်းများ စုစည်းမှုနှင့် တည်းဖြတ်မှုဆိုင်ရာ ကွန်ရက်လည်းပါဝင်မည် ဖြစ်သည်။

ဆင်ဟွာသည် တရုတ်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်း၌ ရုံးခွဲပေါင်း ၂၃၀ ကျော်နှင့် သတင်းထောက်ပေါင်း ၄,၀၀၀ ကျော်ရှိကာ နေ့စဉ် သတင်းမျိုးစုံ ပုဒ်ရေ ၆၈၀၀ ကျော် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်လက ဆင်ဟွာအနေဖြင့် “Media Brain” ဟု အမည်ပေးထားသော ဉာဏ်ရည်တု (Artificial Intelligence= AI) ပလက်ဖောင်းတစ်ခုဖြင့် AI နည်းပညာသုံး သတင်းတင်ပို့ခြင်းအား မိတ်ဆက်ခဲ့သည်။ ထို လက်ဖောင်း၌ ဉာဏ်ရည်ဆိုင်ရာ သတင်းအချက်အလက် စုဆောင်းခြင်းလုပ်ဆောင်မှုများ၊ သုံးစွဲသူဆန်းစစ်ခြင်း၊ ပုံရိပ်မှတ်သားခြင်းနှင့် အသံပေါင်းစပ်ညှိနှိုင်းမှုစသည်တို့ ပေါင်းစည်းထားပြီး ဆင်ဟွာ၏ သတင်းတင်ပြမှုအား များစွာ တိုးတက်မှုရှိစေမည် ဖြစ်သည်။

ယခုနှစ်သည် တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ် ၄၀ ပြည့် အခါသမယလည်းဖြစ်သည်။ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသည် နီးကပ်သည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သလို အာရှနှင့် ကမ္ဘာပေါ်တွင် အဓိက စီးပွားရေးနိုင်ငံလည်း ဖြစ်သည်။ တရုတ်-ဂျပန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ အကျိုးကျေးဇူးများရှိမည် ဖြစ်ကြောင်း ဒေသတွင်းနှင့် ကမ္ဘာအတွက် ကြီးမားသော အရေးပါမှု ဖြစ်ပါကြောင်း ချိုက်က ပြောကြားခဲ့သည်။

အဆိုပါ ဂျပန်ဘာသာဖြင့် သတင်းဝန်ဆောင်မှု မိတ်ဆက်ခြင်း အခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Cheng Yonghua ၊ Kyodo News ဥက္ကဋ္ဌ Masaki Fukuyama ၊ ယခင်ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး Yasushi Akashi ၊ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း Yuji Miyamoto နှင့် ဂျပန်နိုင်ငံမှ မီဒီယာ၊ စီးပွားရေးလုပ်ငန်းများနှင့် ဂျပန်နိုင်ငံရှိ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ဧည့်ပရိသတ် ၁၃၀ ခန့် တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.