Science & Technology
Huawei မှ အသစ် ထုတ်လုပ်လိုက်သည့် Mate 8 စမတ်ဖုန်းအား CES ပွဲတွင် စတင် မိတ်ဆက်
လာ့စ်ဗီးဂပ်စ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် Huawei သည် သုံးစွဲသူများ၏ အာရုံကို ဖမ်းစားနိုင်သည့် နှစ်လိုဖွယ် စမတ်ဖုန်း သစ် Mate 8 ကို လာ့စ်ဗီးဂပ်စ် တွင် ပြုလုပ်ခဲ့သော လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းပြပွဲ (CES) ၌ စတင် မိတ်ဆက်ခဲ့ပြီး Apple အား ၂ နှစ်အတွင်း ကျော်ဖြတ်၍ ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်လာစေရန် Mate 8 က ကူညီ ပေးနိုင်မည်ဟု ကုမ္ပဏီက မျှော်လင့်ထားကြောင်း သိရသည်။
ဖုန်းမျက်နှာပြင် အရွယ်အစား ၆ လက်မရှိသော Mate 8 ၌ စွမ်းအင် သိုလှောင်နိုင်စွမ်း ကောင်းမွန်သည့် 4000 mAh ဘက်ထရီကို အသုံးပြုထားပြီး မိနစ် ၃၀ မျှ အားသွင်းရုံဖြင့် ပုံမှန်ဖုန်း အသုံးပြုသူများ အတွက် ထပ်မံ အားသွင်းစရာ မလိုဘဲ ၂.၃၆ ရက်ကြာ အသုံးပြုနိုင်မည် ဖြစ်ကာ သာမန်ထက် ပို၍ ဖုန်း အသုံးပြုသူများ အနေဖြင့် ၁.၆၅ ရက်ခန့်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ က ပြောကြားခဲ့သည်။
Android စနစ်ကို အခြေခံထားသည့် Mate 8 တွင် စာမျက်နှာ ရှည်များကို ရုပ်ပုံ တစ်ပုံတည်း ဖြစ်စေရန် ဆက်စပ်ပြီး screenshot ပြုလုပ်ပေးနိုင်သည့် စနစ်အပါအဝင် လက်ခေါက်ဆစ် အာရုံခံ နည်းပညာ များကိုလည်း ထည့်သွင်း ထားကြောင်း သိရသည်။ အဆိုပါ အာရုံခံ စနစ်သည် screenshot ရိုက်ရန် (သို့) ဗီဒီယို အပိုင်းငယ်များအား ဖမ်းယူထား နိုင်ရန်အတွက် လက်ခေါက်ဖြင့် ဖုန်းမျက်နှာပြင်ကို နှစ်ချက်ထိပေးရုံဖြင့် ပြုလုပ်နိုင်ရန် ထောက်ပံ့ ပေးထားကြောင်း သိရသည်။
အဆိုပါ စမတ်ဖုန်းအား ကနဦး အနေဖြင့် စပိန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ယူအေအီးနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ နှင့် သြစတေးလျနိုင်ငံ တို့အပါအဝင် နိုင်ငံပေါင်း ၃၀ ၌ စတင် ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
Mate 8 စမတ်ဖုန်းအား အမျိုးအစား နှစ်မျိုး ဖြင့် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကာ 3GB RAM၊ 32GB အမျိုးအစား အား ၅၉၉ ယူရို ဖြင့်လည်းကောင်း၊ 4GB RAM၊ 64GB အမျိုးအစားအား ၆၉၉ ယူရိုဖြင့် လည်းကောင်း ရောင်းချ ပေးသွားမည်ဖြစ်ပြီး အရောင် အနေဖြင့် ၄ မျိုး ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းပြပွဲ (CES) ၏ သတင်းစာ ရှင်းလင်းပွဲ တွင် Huawei က M2 Tablet အသစ် အပါအဝင် Jewel နှင့် Elegant အမည်ရှိ အမျိုးသမီးဝတ် စမတ်နာရီ အမျိုးအစား နှစ်မျိုးကိုလဲ မိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် Huawei သည် စမတ်ဖုန်း အလုံးပေါင်း ၁၀၈ သန်းအား ကမ္ဘာအနှံ့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ စမတ်ဖုန်း ထုတ်လုပ်ရေးကို ဦးဆောင်နေကြောင်း သိရသည်။
ဈေးကွက် လေ့လာရေး GfK ၏ အချက်အလက်များ အရ Samsung နှင့် Apple သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ အထိ ဈေးကွက်တွင် ၂၈.၃ ရာခိုင်နှုန်း နှင့် ၁၁.၈ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကာ Huawei အနေဖြင့် ဈေးကွက် ပိုင်ဆိုင်မှု ၉.၇ ရာခိုင်နှုန်း ဖြင့် တတိယနေရာ ရရှိထားကြောင်း သိရသည်။ (Xinhua)