Science & Technology
တရုတ်ဖုန်း ထုတ်လုပ်ရေး လုပ်ငန်း ZTE က ၎င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်းအား မိတ်ဆက် ပြသ
နယူးယောက်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
တရုတ် တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သည့် ZTE သည် ၎င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်း ZMAX PRO အား ဇူလိုင် ၁၈ ရက်က နယူးယောက်မြို့တွင် မိတ်ဆက်ပြသခဲ့သည်။
ZMAX အမျိုးအစား ဖုန်း များအနက် နောက်ဆုံး ဖြစ်သည့် ZMAX PRO သည် မျက်နှာပြင်အားဖြင့် ၆လက်မရှိပြီး 13 megapixel ကင်မရာ၊ လက်ဗွေစနစ်၊ 3400mAh ဘက်ထရီတို့ဖြင့် ဖုန်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ထားကာ ဈေးနှုန်းအနေဖြင့်လည်း အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာ သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ဖုန်းတွင် ပါဝင်သည့် စွမ်းဆောင်ချက်များသည် ၎င်းအတွက် ပေးရသည့် ဈေးနှုန်းထက်ပိုမို ကောင်းမွန်စေခဲ့ပြီး ကုမ္ပဏီ၏ ရေရှည် ရည်မှန်းချက် ဖြစ်သည့် ငွေကြေးတတ်နိုင်မှု နှင့် နည်းပညာ တို့ ပေါင်းစပ် ထားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စမတ်ဖုန်းအား MetroPCS အွန်လိုင်းငွေချေမှု ဖြင့် ဇူလိုင်လ ၁၈ ရက်မှ စ၍ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ZTE ကုမ္ပဏီသည် နိုင်ငံပေါင်းစုံပါဝင်သည့် တယ်လီကွန်း ဆက်သွယ်ရေး စနစ်နှင့် ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ် ရှန့်ကျန်း မြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားကြောင်း သိရသည်။ ၎င်း၏ စီးပွားရေး လုပ်ငန်းအား အမေရိကန်နိုင်ငံသို့ လွန်ခဲ့သည့် ၁၈ နှစ်က စတင်ယူဆောင်လာ ခဲ့ပြီး ယခုလက်ရှိတွင် အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကြိုတင်ငွေဖြင့် ဖုန်းရောင်းချသည့် ကုမ္ပဏီ တစ်ခု ဖြစ်လာကာ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်တွင် ဖုန်း အလုံးရေ ၁၅ သန်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)