Social, Education & Health
အစားထိုး ကုသမည့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ မောင်းသူမဲ့ ယာဉ်ပျံဖြင့် ပို့ဆောင်ပေးနိုင် တော့မည်

ကွမ်ကျိုး၊ မေ ၆ ရက် (ဆင်ဟွာ)
တရုတ် လေကြောင်း နည်းပညာ ကုမ္ပဏီ EHang Holdings လီမိတက်က ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး လဲလှယ် ပို့ဆောင်ပေးနိုင်ရန် မောင်းသူမဲ့ ယာဉ်ပျံ (Drone) စီးရေ ၁,၀၀၀ အား ဝယ်ယူရန်နှင့် အကောင်အထည် ဖော်နိုင်ရန် အမေရိကန် ကုမ္ပဏီ တစ်ခုဖြစ်သော Lung Biotechnology ဖြင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။
ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ယာဉ်ပျံ EHang 184 အား ကိုယ်အင်္ဂါ အစိတ်အပိုင်းများ သယ်ပို့နိုင်ရန်နှင့် လူတင် ဆောင်နိုင်ရန် ပြုပြင် မွမ်းမံထားကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ နှစ်ခုသည် Manufactured Organ Transport Helicopter (MOTH) ဟု အမည်ပေးထားသည့် အစီအစဉ်ဖြင့် ၁၅ နှစ်တာ အတူတကွ လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။
ယင်း သဘော တူညီချက်သည် အမေရိကန် နိုင်ငံအတွင်း အသက်ပေါင်းများစွာအား ကယ်တင်ရန် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ သယ်ယူ ပို့ဆောင်ပေးသွားမည် ဖြစ်သည်။
Lung Biotechnology ကုမ္ပဏီသည် အစားထိုး ကုသရန် အတွက် အဆုတ်တုနှင့် အခြား ကိုယ်အင်္ဂါ အစိတ် အပိုင်းတုများ အထူးပြု ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်။
အထူး ပြုလုပ်ထားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများအား အစားထိုး ကုသမှု ပြုလုပ်မည့် လူနာရှိရာ ဆေးရုံသို့ MOTH ရဟတ်ယာဉ်များက သတ်မှတ် ဧရိယာများအတွင်း သယ်ယူ ပို့ဆောင်ပေးနိုင်ရန် စီစဉ်ထားသည်။
EHang 184 ကိုယ်ပိုင် ဒရုန်းသည် ခရီးသည် တစ်ဦးအား တင်ဆောင်ကာ ၁၀ မိုင်ကျော် အထိ ပျံသန်းနိုင်ပြီး တစ်နာရီလျှင် ၆၅ မိုင်နှုန်းဖြင့် ပျံသန်း နိုင်ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှုသည် အရေးပေါ် ဆေးကုသမှု များစွာအတွက် အသင့်တော်ဆုံး ဝန်ဆောင်မှု ဖြစ်ကြောင်း EHang ကုမ္ပဏီထံမှ သိရသည်။
EHang ကုမ္ပဏီသည် လေကြောင်း နည်းပညာဆိုင်ရာ ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့၌ ဋ္ဌာနချုပ်ရုံး စိုက်ထားသည်။ ယခုနှစ် အစောပိုင်းက လာ့စ်ဗီးဂက်စ်တွင် ပြုလုပ်သည့် International Consumer Electronics Show (CES) 2016 တွင် ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ ယာဉ်ပျံအား ထုတ်ဖော် ပြသခဲ့သည်။ (Xinhua)