Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော ဟူပေပြည်နယ်ရှိ မြို့အများစု၌ ရောဂါဖြစ်ပွားသူအသစ်မရှိ

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ယာယီဆေးရုံတစ်ရုံမှ ဆေးရုံဆင်းခွင့်ရရှိသူနှင့် ဆေးရုံဝန်ထမ်းများ အပြန်အလှန်နှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ မြို့သုံးမြို့မှလွဲ၍ ကျန်မြို့များအားလုံးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူအသစ်မရှိကြောင်း၊ အချို့မြို့များ၌ ၁၂ ရက်ဆက်တိုက် ကူးစက်မှုလုံးဝမရှိမှတ်တမ်းကို ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်ရှိ မြို့နှင့် စီရင်စု ၁၇ ခုတွင် ၁၄ ခုမှာ ရောဂါဖြစ်ပွားမှုအသစ်မရှိကြောင်း၊ ပြည်နယ်မြို့တော်ဖြစ်သော ဝူဟန့်ပြင်ပ၌ ဗိုင်းရပ်စ်ကူးစက်မှု လျော့ကျရေးအတွက် အကြံပြုထားကြောင်း ပြည်နယ်ဆိုင်ရာ ကျန်းမာရေးကော်မရှင်၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ရောဂါဖြစ်ပွားသူအသစ် အရေအတွက်မှာ ဝူဟန့်မြို့တွင် မတ် ၄ ရက်၌ ၁၃၁ ဦး၊ အဲ့ကျိုးမြို့တွင် နှစ်ဦးနှင့် ဟွမ်ဆီမြို့များတွင် တစ်ဦး အသီးသီးရှိခဲ့သည်။

တွက်ချက်မှုများအရ ဟူပေပြည်နယ်ရှိ မြို့နှင့် စီရင်စု ၁၁ ခုတွင် ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ရောဂါဖြစ်ပွားမှုအသစ် မရှိကြောင်း သိရသည်။ထို့ပြင် ဖေဖော်ဝါရီ ၂၁ ရက်တွင် ယီချန်းမြို့သည် ဟူပေပြည်နယ်အတွင်း ရောဂါကူးစက်မှုအသစ်မရှိသောမြို့ အဖြစ် ပထမဆုံးအတည်ပြုခံရသောမြို့ ဖြစ်လာခဲ့ပြီး ရှန့်နင်မြို့ကလည်း ၁၂ ရက်ဆက်တိုက် ရောဂါဖြစ်ပွားသူအသစ် မရှိသဖြင့် ယင်းပြည်နယ်ရှိ မြို့များအားလုံးအနက် အရှည်ကြာဆုံး ရောဂါဖြစ်ပွားမှုမရှိသည့်မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ 

တစ်ချိန်တည်းမှာပင် အဆိုပါပြည်နယ်၌ မကြာသေးမီရက်များအတွင်း ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ အရေအတွက်မှာလည်း ရောဂါကူးစက်မှုအသစ်အရေအတွက်ထက် ကျော်လွန်သွားခဲ့သည်။ မတ် ၄ ရက်တွင် ဟူပေပြည်နယ်တွင် လူနာ ၁,၉၂၃ ဦး ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း၊ ဆေးရုံ၌ ကုသမှုခံယူနေသူ ၂၀,၇၆၅ ဦးရှိပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင်ရှိသော အရေအတွက် ၄၁,၀၃၆ ဦးမှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ အခြေအနေတိုးတက်လာသဖြင့် ယာယီဆေးရုံများကို ဖြည်းဖြည်းချင်း ပိတ်သွားရန်နှင့် ရောဂါအတွက် သတ်မှတ်ထားသော ဆေးရုံအရေအတွက်ကိုလည်း လျှော့ချသွားရန် စီစဉ်ထားသလို တင်းကြပ်သော ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.