Connect with us

Social, Education & Health

ဩစတြေးလျ လေယာဉ်မှူးက စင်းလုံးငှားလေယာဉ်ဖြင့် ဗိုင်းရပ်စ်ဖြစ်ပွားသည့် ဝူဟန့်သို့ ဆေးပစ္စည်းများ ပို့ဆောင်ပေး

ရှမန်လေကြောင်းလိုင်းမှ ဩစတြေးလျနိုင်ငံသား လေယာဉ်မှူး မိုင်လ်စ် ဘားနတ် ဝက်စ်တန်အား လေယာဉ်မှူးအခန်းတွင် တွေ့ရစဉ် (Photo provided by Xiamen Airlines)

ရှမန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှမန်လေကြောင်း၏ လေယာဉ်မှူးတစ်ဦးဖြစ်သော ဩစတြေးလျနိုင်ငံသား မိုင်လ်စ် ဘားနတ် ဝက်စ်တန် (Myles Bernard Weston) သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် စင်းလုံးငှားလေကြောင်း ခရီးစဉ်အမှတ် MF8779 ကို မောင်းနှင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားချိန်ကစ၍ ဝူဟန့်သို့ မောင်းနှင်ပျံသန်းသည့် ပထမဆုံး နိုင်ငံခြားသား လေယာဉ်မှူးများအနက် တစ်ဦးဖြစ်သည်။ 

ဖေဖော်ဝါရီ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀:၀၀ နာရီတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်၊ ရှမန်မြို့မှ ထွက်ခွာလာသော လေယာဉ်တစ်စင်းသည် ဝူဟန့်မြို့တွင် ကူညီထောက်ပံ့မှုများပေးနေသော ဖူကျန့် ဆေးအဖွဲ့အတွက် ထောက်ပံ့ပစ္စည်း ၁၁,၂၅၉ ကီလိုဂရမ်အား တင်ဆောင်ကာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ COVID-19 ဖြစ်ပွားရာ ဝူဟန့်မြို့သို့ ဦးတည်ပျံသန်းခဲ့သည်။

လေယာဉ်မှူး မိုင်လ်စ် ဘားနတ် ဝက်စ်တန် မောင်းနှင်လာသော စင်းလုံးငှားလေကြောင်း ခရီးစဉ်အမှတ် MF8779 အား တွေ့ရစဉ် (Photo provided by Xiamen Airlines)

၎င်းလေယာဉ်သည် တရုတ်နိုင်ငံ ပြည်မကြီးမှ ဝူဟန့်မြို့ရှိ ဆေးဘက်ဆိုင်ရာအဖွဲ့များထံ နေ့စဉ်သုံးပစ္စည်းများ ပို့ဆောင်ပေးနေသည့် ပထမဆုံး စင်းလုံးငှားလေယာဉ်များအနက် တစ်စင်းလည်း ဖြစ်သည်။

ဩစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှ လေယာဉ်မှူး ဝက်စ်တန်သည် ရှမန်လေကြောင်းလိုင်းတွင် လုပ်ကိုင်နေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီး အခြားသော နိုင်ငံခြားသား လေယာဉ်မှူးများ အားလပ်ရက်ယူနေချိန်တွင် ဝက်စ်တန်က ရှမန်မြို့၌ပင် နေထိုင်ရန် ရွေးချယ်ခဲ့သည်။

“ကျွန်တော့် ဇနီး၊ သမီးနှစ်ယောက်နဲ့ ရှမန်မှာပဲ ကျွန်တော်နေပါတယ်။ ဒီနေရာလေးကို ကျွန်တော် ချစ်တယ်။ အခု ရှမန်က ကျွန်တော့်အိမ်ပါပဲ။ တကယ်တော့ ရှမန်က ထွက်သွားဖို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး” ဟု ဝက်စ်တန်က ပြောခဲ့သည်။ 

ဝက်စ်တန်က ၎င်း၏ စင်းလုံးငှားလေယာဉ်ဖြင့် ဝူဟန့်သို့ ပျံသန်းမှုအား အလွန်ဂုဏ်ယူလျက်ရှိသည်။

“ကျွန်တော် ဒီကနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မှာ ထမ်းထောင်ရတဲ့ တာဝန်အတွက် ကျွန်တော့်မိသားစုက အင်မတန်ဂုဏ်ယူပါတယ်။ သူတို့လည်း တရုတ်နိုင်ငံကို ချစ်ကြတယ်” ဟု ဝက်စ်တန်က ဆိုသည်။ ၎င်းအနေဖြင့် မိသားစုတစ်ခုလုံး၏ ကိုယ်စား ရောဂါတိုက်ဖျက်ရေးတွင် ကူညီလုပ်ဆောင်နေသည်ဟု မိသားစုက သဘောထားကြောင်း ဝက်စ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရှမန်လေကြောင်းလိုင်းတွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ပါဝင်လုပ်ဆောင်ရန် အသင့်ဖြစ်နေသည့် နိုင်ငံခြားသား လေယာဉ်မှူး ၁၁ ဦး ရှိကြောင်း၊ ကုမ္ပဏီက စင်းလုံးငှားလေယာဉ် ၁၄ စင်းဖြင့် ရောဂါဖြစ်ပွားမှုအများဆုံး ဟူပေပြည်နယ်သို့ ကျန်းမာရေးဝန်ထမ်း ၁,၆၀၀ ကျော်နှင့် ထောက်ပံ့ရေးပစ္စည်း တန် ၇၀၀ ကျော်အား ပို့ဆောင်ပေးလျက်ရှိသည်။

“ဝူဟန့်မှာရှိတဲ့ ပြည်သူတွေကို ကျွန်တော်ပြောချင်တာကတော့ ဝူဟန့် ဆက်လက် အားတင်းထားပါ။ တရုတ်နိုင်ငံကြီးလည်း အားတင်းထားပါ” ဟု ဝက်စ်တန်က အားပေးပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.