Social, Education & Health
ChinaJoy ပြပွဲကို စီစဉ်ထားသည့်အတိုင်း ဇူလိုင်လတွင် ရှန်ဟိုင်းမြို့၌ ပြုလုပ်မည်

ရှန်ဟိုင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော အာရှ၏ အကြီးဆုံး ဂိမ်းပြိုင်ပွဲကြီးဖြစ်သည့် ChinaJoy ပြပွဲကို စီစဉ်ထားသည့်အတိုင်း ဇူလိုင် ၃၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက ကြေညာလိုက်သည်။
လေးရက်ကြာကျင်းပမည့် အဆိုပါ ပြပွဲအား အွန်လိုင်း (online) နှင့် အော့ဖ်လိုင်း (offline) နှစ်ခုလုံးဖြင့် ပြုလုပ်မည်ဖြစ်ကာ ပြင်ဆင်ရေးအပိုင်းအားလုံးကို ချောမွေ့စွာ လုပ်ဆောင်လျက်ရှိကြောင်း ပွဲစီစဉ်ရေးကော်မတီက မေ ၁၁ ရက်တွင် ပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
အဆိုပါ ဂိမ်းပြပွဲတွင် “Global Cloud-Game Industry Conference” နှင့် “Fashion Toy Exhibition” ကဲ့သို့ အစီအစဉ်သစ်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဟု ပွဲစီစဉ်ရေးကော်မတီက ဖြည့်စွက်ပြောခဲ့သည်။တရုတ်နိုင်ငံ ဒီဂျစ်တယ် ဖျော်ဖြေရေး ပြပွဲနှင့် ကွန်ဖရင့်ဟု လူသိများသော အဆိုပါပြပွဲကို ၂၀၁၉ ခုနှစ်က ဂိမ်းကစားသူပေါင်း ၃၆၄,၇၀၀ ဦး တက်ရောက်ခဲ့ကြသည်။တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဂိမ်းဈေးကွက်ဖြစ်လာခဲ့သည်။ စာရင်းအင်းများအရ တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်က ဈေးကွက်ပမာဏ ယွမ် ၂၃၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂.၆ ဘီလီယံခန့်) ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ယွမ် ဘီလီယံ ၃၀၀ နှင့် ၂၀၂၁ ခုနှစ်တွင် ယွမ် ၃၂၁.၇ ဘီလီယံ အသီးသီးရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)