Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး တိုက်ပွဲတွင် သိသိသာသာ တိုးတက်မှုရှိကြောင်း သမ္မတ ရှီကျင့်ဖိန် ပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များသည် အရေးပါသော အချိန်ကို ရောက်ရှိနေသည့် တိုက်ပွဲတစ်ခုအဖြစ် သိသိသာသာတိုးတက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် (Boris Johnson) နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်စဉ် တရုတ် သမ္မတ ရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။ 

တယ်လီဖုန်းဖြင့် ပြောကြားစဉ် ရှီက တရုတ်နိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေး၌ ကြင်နာမှုပြသခဲ့သည့် ဗြိတိန် ဘုရင်မ အဲလိဇဘက် ၂ (Elizabeth II) နှင့် ဝန်ကြီးချုပ်ဂျွန်ဆင်တို့အား ကျေးဇူးတင်ကြောင်း၊ ဗြိတိန်က တရုတ်နိုင်ငံအား ရောဂါတိုက်ဖျက်ရေးတွင် ထောက်ခံအားပေးသည့်အနေဖြင့် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊ ယင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြြခင်းလည်း ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။ 

တရုတ်နိုင်ငံသည် ရောဂါဖြစ်ပွားစဉ်ကစ၍ ပြည်သူများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို အမြဲတစေ ဦးစားပေးခဲ့ကြောင်း၊ နိုင်ငံတစ်ခုလုံးကို စည်းရုံးလှုံ့ဆောင်ခဲ့ကြောင်း၊ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များတစ်လျှောက် ပြီးပြည့်စုံ၍ ကျစ်ကျစ်လစ်လစ် လုပ်ဆောင်ခဲ့ကြောင်း ရှီက ဆိုသည်။ယခုတွင် ရောဂါတိုက်ဖျက်ရေးသည် အရေးပါသော အချိန်အခါကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများ အပြည့်အဝလုပ်ဆောင်နေစဉ် ကပ်ရောဂါ၏ သက်ရောက်မှုကို လျှော့ချရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ရှီက အလေးထားပြောကြားခဲ့သည်။

ကံကြမ္မာအကျိုးတူ လူသားမျိုးနွယ် အသိုက်အဝန်းတစ်ခု တည်ဆောက်မှု စိတ်ကူးအကြံဉာဏ်ကို ထိန်းသိမ်းခြင်းဖြင့် တရုတ်နိုင်ငံသည် ပြည်သူများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးအတွက် တာဝန်ရှိရုံသာမက နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး ထိန်းသိမ်းခြင်းအတွက်လည်း ကတိပြုကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။ထို့ပြင် တရုတ်အနေဖြင့် ဗြိတိန်နှင့်အတူ နိုင်ငံစုံပါဝင်ရေးဝါဒနှင့် လွတ်လပ်သော ကုန်သွယ်မှုများအား စောင့်ထိန်းရေး၊ အဓိက နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများအပေါ် ခိုင်မာစွာ ဆက်သွယ်ရေး ပြုလုပ်သွားရန် အသင့်ရှိပါကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဂျွန်ဆင်ကလည်း သမ္မတ ရှီ၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများအနေဖြင့် ကပ်ရောဂါဖြစ်ပွားမှုကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှု လျှော့ချသွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။၎င်းအနေဖြင့် တရုတ်နိုင်ငံကို ချစ်မြတ်နိုးကြောင်း၊ ဗြိတိန် အစိုးရသစ်ကို ဦးဆောင်ကာ တရုတ်နိုင်ငံနှင့် ကဏ္ဍအားလုံးတွင် ကူးလူးဆက်ဆံမှုများ အားကောင်းလာစေရေး၊ နယ်ပယ်စုံတွင် ပူးဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး “ရွှေရောင်လွှမ်းသောခေတ်” အောင်မြင်မှုများ ဆက်လက်ရရှိစေရေး တွန်းအားပေး လုပ်ဆောင်သွားရန် အသင့်ရှိပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် မူဘောင်အတွင်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ဆန္ဒရှိကြောင်း ဂျွန်ဆင်က ဆိုသည်။  (Xinhua)