Connect with us

Sport

၂၀၁၆ ပေကျင်း မာရသွန်တွင် အီသီယိုးပီးယား အပြေးသမားများ စိုးမိုးနေ

၂၀၁၆ ပေကျင်း မာရသွန်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ် ပေကျင်း မာရသွန် အပြေးပြိုင်ပွဲ၌ အီသီယိုးပီးယားနိုင်ငံမှ အပြေးသမားများက အမျိုးသား ပြိုင်ပွဲတွင် ဆုများကို သိမ်းကျုံး ရယူနိုင်ခဲ့ပြီး အမျိုးသမီး ပြိုင်ပွဲ၌လည်း ထိပ်တန်း ဆုနှစ်ဆုအား ဆွတ်ခူး ရရှိသွားခဲ့ကြောင်း သိရသည်။

အမျိုးသား မာရသွန် အပြေးပြိုင်ပွဲတွင် အီသီယိုးပီးယားနိုင်ငံသားများ ဖြစ်သည့် အသက် ၂၅ နှစ်အရွယ် Gebre Mekuant Ayenew က ၂ နာရီ ၁၁ မိနစ် ၉ စက္ကန့် (၂း၁၁း၀၉ နာရီ) တွင် ပန်းဝင်ခဲ့ပြီး ပထမ ရရှိခဲ့ကာ Dadi Feyera Gemeda က ၂း၁၁း၃၀ နာရီ၌ ပန်းဝင်ကာ ဒုတိယဆုနှင့် Bekele Mesfin Teshome က ၂း၁၁း၅၆ နာရီဖြင့် တတိယဆု အသီးသီး ရရှိခဲ့သည်။အမျိုးသမီး ပြိုင်ပွဲတွင်လည်း အီသီယိုးပီးယားနိုင်ငံသူ Biru Meseret Mengistu က ၂း၂၅း၅၆ နာရီဖြင့် ပန်းဝင်ခဲ့ကာ ထို စံချိန်သည် ၁၀ နှစ်အတွင်း အမျိုးသမီး အပြေးအားကစားအတွက် အကောင်းဆုံး ဖြစ်ခဲ့သည်။ အီသီယိုးပီယားနိုင်ငံမှပင် Tola Melkam Gizaw က ဒုတိယနှင့် မြောက်ကိုရီးယား နိုင်ငံ (DPRK) မှ Jo Un Ok က တတိယ အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ပေကျင်း မာရသွန်ပြိုင်ပွဲသည် ၃၆ ကြိမ်မြောက်အဖြစ် ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် လျှောက်လွှာပေါင်း ၆၆,၅၇၆ ဦး လက်ခံရရှိခဲ့သော်လည်း ပြိုင်ပွဲဝင် ၃၀,၀၀၀ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ပေကျင်း မာရသွန် ပြိုင်ပွဲသည် အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ် အားကစား အဖွဲ့ချုပ် (IAAF) မှ အသိအမှတ်ပြုထားသည့် ရွှေရောင်အဆင့် လမ်းပေါ် အပြေးပြိုင်ပွဲ (Gold Label Road Race) တစ်ခု ဖြစ်သလို အပြည်ပြည်ဆိုင်ရာ မာရသွန်နှင့် လမ်းပေါ် အပြေးပြိုင်ပွဲများ အသင်း (AIMS) ၏ မှတ်တမ်းဝင် ပြိုင်ပွဲ တစ်ခုလည်း ဖြစ်သည်။အမျိုးသား ပြိုင်ပွဲ၏ အမြင့်ဆုံး စံချိန်အဖြစ် ၂၀၁၃ ခုနှစ်တွင် အီသီယိုးပီးယားနိုင်ငံမှ Tadese Tola Woldegeberel က ၂းဝရး၁၆ နာရီဖြင့်နိုင်ခဲ့ပြီး အမျိုးသမီး အကောင်းဆုံး စံချိန်ကိုမူ ၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ Sun Yinjie က ၂း၁၉း၃၉ နာရီဖြင့် စံချိန်တင် ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.