Connect with us

ASEAN

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက COVID-19 တိုက်ဖျက်နေသော ဒယ်ဂူးမြို့အား ကူညီရန် နှာခေါင်းစည်းများ လှူဒါန်း

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ဒယ်ဂူးမြို့သို့ လှူဒါန်းမည့် နှာခေါင်စည်းများ ထည့်ထားသောပုံးများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်နေသော တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ ဒယ်ဂူးမြို့အား အားပေးကူညီသည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်း ၂၅,၀၀၀ ခန့် ဖေဖော်ဝါရီ ၂၇ ရက်က ပေးလှူခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်းများ တင်ဆောင်လာသည့် ထရပ်ကားတစ်စီးသည် မြို့တော် ဆိုးလ်ရှိ တရုတ်သံရုံးမှ ဆိုးလ်မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်ကွာဝေးသော ဒယ်ဂူးမြို့သို့ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက ထွက်ခွာသွားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ရှင်းဟိုင်မင် (လယ်) နှင့် သံရုံးဝန်ထမ်းများက ဒယ်ဂူးမြို့ကို အားပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ထရပ်ကား၏ အပြင်ဘက်တွင် “ဒယ်ဂူးမြို့ အားတင်းထား။ တောင်ကိုရီးယားနိုင်ငံ အားတင်းထား” ဟူသောစာတန်း ချိတ်ဆွဲထားသည်။ ထို့ပြင် တန်မင်းဆက်ခေတ်တွင် တရုတ်နိုင်ငံ၌ နှစ်ပေါင်းများစွာ လေ့လာခဲ့သည့် နာမည်ကျော် ရှေးဟောင်း တောင်ကိုရီးယားပညာရှင် ချိုချီဝန် ရေးသားထားသော “နေရာဒေသဝေးကွာခြင်းက ကျွန်ုပ်တို့တွေကို ခွဲခြားလို့မရနိုင်ပါဘူး။ ကျွန်ုပ်တို့အားလုံးက စည်းလုံးညီညွတ်တဲ့ ကမ္ဘာကြီးမှာ နေထိုင်ကြတယ်” ဟူသော ကဗျာကိုလည်း စာတန်းတွင် ရေးသားဖော်ပြထားသည်။ 

တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရာတွင် အဆိုးနှင့် အကောင်းမျှဝေပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူညီလျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် ရှင်းဟိုင်မင်က ပြောကြားခဲ့သည်။

“အကျပ်အတည်းဖြစ်တဲ့ကာလတွေမှာ တောင်ကိုရီးယားပြည်သူတွေရဲ့ ကူညီခဲ့ခြင်းတွေကို တရုတ်ပြည်သူများက အမြဲအမှတ်ရနေမှာပါ” ဟု တရုတ်နိုင်ငံ သံအမတ်က ပြောခဲ့သည်။

“တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ အခက်အခဲက ကျွန်တော်တို့ရဲ့ အခက်အခဲတွေပါပဲ။ တောင်ကိုရီးယားက ပြည်သူတွေ၊ ဒယ်ဂူးကပြည်သူတွေကို ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီဖို့ တရုတ်သံရုံးက ဆန္ဒရှိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၇ ရက်က COVID-19 ထပ်မံဖြစ်ပွားသူ ၅၀၅ ဦးရှိခဲ့ရာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁,၇၆၆ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦးအထိရှိလာကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.