Connect with us

ASEAN

COVID-19 တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ ကတိပြု

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (ယာဘက်အရှေ့တန်း) နှင့် တရုတ် ကွန်မြုနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (ဝဲဘက်အရှေ့တန်း) တို့ ဂျပန်နိုင်ငံ တိုကျိုမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

တိုကျို၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဖေဖော်ဝါရီ ၂၈ ရက်က သဘောတူခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) နှင့် တရုတ် ကွန်မြုနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီတို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ကတိပြုခဲ့ကြခြင်း ဖြစ်သည်။

တရုတ် ကွန်မြုနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (ဝဲ)နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆု မိုတဲဂျိတို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် COVID-19 တိုက်ဖျက်ရေးတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူညီခဲ့ကြပြီး အခက်အခဲများအား အတူတကွ ကျော်လွှားခဲ့ကြခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းလာခဲ့ကြောင်း ယန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ အဖိုးတန်လှသော ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း၊ ဂျပန်နိုင်ငံ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်သွားလိုကြောင်း၊ နှစ်နိုင်ငံနှင့် ကမ္ဘာ့ပြည်သူများ ကျန်းမာရေးနှင့် ချမ်းသာသုခကို ပူးတွဲကာကွယ်ရန်အတွက် နှစ်နိုင်ငံနှင့် နိုင်ငံစုံပါသော ဆေးပညာနှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် ထောက်ပံ့မှုနှင့် ကူညီမှုများ ဆက်လက် ပေးအပ်သွားရန် ဆန္ဒရှိကြောင်း ယန်က ဆိုသည်။

တရုတ်-ဂျပန် ဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် ထိန်းသိမ်းထားလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် အောင်မြင်သော အစည်းအဝေးများ ပြုလုပ်နိုင်ခဲ့ကာ ခေတ်သစ်အတွက် လိုအပ်ချက်အတိုင်း တရုတ်-ဂျပန် ဆက်ဆံရေး တည်ဆောက်ရာတွင် ကြိုးပမ်းအားထုတ်မှုများ ဦးဆောင်နိုင်ခဲ့ကြောင်း ယန်က မှတ်ချက်ပြုခဲ့သည်။

ဂျပန်နိုင်ငံသို့ မကြာမီလာရောက်မည့် သမ္မတ ရှီ၏ ခရီးစဉ်သည် လွန်စွာအရေးပါပြီး တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် အဆိုပါ ခရီးစဉ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံက တိုကျို အိုလံပစ် အားကစားပွဲများကို အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံသွားမည်ဟုလည်း ယန်က ဆိုသည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ယခုနှစ်အတွင်း ဂျပန်သို့ လာရောက်မည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်သည် အလွန်အရေးကြီးကြောင်း၊ အောင်မြင်ပြီး အကျိုးကျေးဇူးရလဒ်ကောင်းများရရှိနိုင်သည့် ခရီးစဉ်တစ်ခုဖြစ်စေရန် ပြင်ဆင်မှုများကို ဂျပန်နိုင်ငံက ဂရုတစိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံက တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အပြုသဘောဆောင်သော အောင်မြင်မှုများအပေါ် ချီးကျူးပြောကြားလိုက်ပြီး အချက်အလက်မျှဝေရေး၊ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံနှင့် ခိုင်မြဲစွာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်နှင့် ကမ္ဘာ့ပြည်သူ့ကျန်းမာရေး လုံခြုံရေး စိန်ခေါ်မှုများကို ပူးတွဲကိုင်တွယ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အပြုသဘောဆောင်သည့် အရိပ်လက္ခဏာပြသသွားမည်ဖြစ်ကြောင်း အာဘေးက ဆိုသည်။

ယန်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ရှီဂဲရု ကီတာမူရာ (Shigeru Kitamura) နှင့်အတူ ၈ ကြိမ်မြောက် တရုတ်-ဂျပန် အဆင့်မြင့်အရာရှိ နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်ခဲ့သလို ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆု မိုတဲဂျိ (Toshimitsu Motegi) နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။  (Xinhua)