Connect with us

ASEAN

အိန္ဒိယနိုင်ငံ၌ COVID-19 လူနာသစ် ၃ ဦးတွေ့ရှိပြီးနောက် ဝန်ကြီးချုပ်က အစည်းအဝေးခေါ်ယူ 

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မိုဒီအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မတ် ၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှုအခြေအနေနှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝန်ကြီးအားလုံး နှင့် သက်ဆိုင်ရာဌာနအားလုံးမှ တာဝန်ရှိသူများနှင့်အတူ မတ် ၇ ရက်တွင် အစည်းအဝေးတစ်ခုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဌာနအားလုံးအနေနဲ့ စုစုစည်းစည်းလုပ်ကိုင်ဆောင်ရွက်ကြရမှာပါ။ ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံအတွင်း အသိပေးလှုံ့ဆော်မှုတွေတိုးမြင့် ဆောင်ရွက်သွားရမယ်။ပြီးတော့ ရောဂါကြိုတင်ကာကွယ်ရေးတွေလည်းလုပ်ရမယ်” ဟု ဝန်ကြီးချုပ်၏ ပြောကြားချက်ကို ကိုးကား၍ အစိုးရတရားဝင်ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

သီးသန့်စောင့်ကြည့်လူနာများအတွက် နေရာများကြိုတင်ပြင်ဆင်ထားရန် နှင့် ရောဂါကူးစက်ပျံ့နှံ့လာနိုင်ချေရှိသော အခြေအနေကို ကြိုတင်ပြင်ဆင်ထားရန် ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။ ထို့ပြင် ပြည်သူများအနေဖြင့် တက်နိုင်သမျှ လူစုလူဝေး မပြုလုပ်ကြရန်လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ဆောင်ရန်ရှောင်ရန်များကိုနိုးနိုးကြားကြား လိုက်နာကြရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ မတ် ၇ ရက်တွင် COVID-19 လူနာသစ် သုံးဦးထပ်မံအတည်ပြုခဲ့ပြီး လက်ရှိတွင် ရောဂါကူးစက်ခံထားရသူပေါင်း ၃၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။အဆိုပါ လူနာသစ်သုံးဦးစလုံးမှာ အခြေအနေတည်ငြိမ်ကြောင်း နှင့် ထိန်းချုပ်မှုအောက်တွင်ရှိနေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူနာသစ် သုံးဦးတွင် နှစ်ဦးမှာ အိန္ဒိယနိုင်ငံဘက်အခြမ်းက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသမှဖြစ်ပြီး ယင်းတို့အနက်တစ်ဦးမှာ မကြာသေးခင်က အီရန်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း နှင့် ကျန်လူနာသစ်တစ်ဦးမှာ နိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်မှဖြစ်ပြီး ၎င်းသည် အိုမန်နိုင်ငံသို့သွားရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ COVID-19 ပထမဆုံးကူးစက်ခံရသော လူနာသုံးဦးမှာ နိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှဖြစ်ပြီး ယင်းတို့သုံးဦးစလုံးသည် ရောဂါကုသပျောက်ကင်းသွားသဖြင့် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရသွားခဲ့ကြပြီကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.