Connect with us

ASEAN

ကမ္ဘောဒီးယားနိုင်ငံ၌ လေးရက်ဆက်တိုက် COVID-19 အတည်ပြုလူနာသစ် ထပ်မံ မတွေ့ရှိ ၊ သက်သာပျောက်ကင်းသူ အရေအတွက် ၉၈ ဦးထိ မြင့်တက်လာ 

ဖနွမ်းပင် ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ ပြီးခဲ့သော လေးရက်အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ် တွေ့ရှိရခြင်း မရှိဘဲ လူနာနှစ်ဦး ထပ်မံ၍ ပြန်လည်သက်သာကောင်းမွန်လာသဖြင့် နိုင်ငံအတွင်း ရောဂါပျောက်ကင်းသွားသည့် လူနာ အရေအတွက်မှာ ၉၈ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။ 

ယခုနောက်ဆုံး ရောဂါပြန်လည်သက်သာကောင်းမွန်လာသူများမှာ အသက် ၈၀ နှစ် နှင့် ၆၁ နှစ် အရွယ်ရှိသူ ပြင်သစ် အမျိုးသား နှစ်ဦး ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ဧပြီ ၁၅ ရက်တွင် Khmer-Soviet ချစ်ကြည်ရေးဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။ 

ကမ္ဘောဒီးယား နိုင်ငံ၌ COVID-19 လူနာများ ရောဂါပြန်လည်သက်သာကောင်းမွန်မှုနှုန်းမှာ ရောဂါပိုး ကူးစက်ခံရသူ ၁၂၂ ဦးအနက် ၉၈ ဦးမှာ ရောဂါ ပျောက်ကင်းသွားသဖြင့် ရာခိုင်နှုန်းအားဖြင့် ၈၀ ဒသမ ၃၃ ရာခိုင်နှုန်း ရှိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

ကျန်ရှိသော COVID-19 ရောဂါပိုး ကူးစက်ခံရသူ လူနာ ၂၄ ဦးမှာ သတ်မှတ်ထားသည့် ဆေးရုံအသီးသီး၌ ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီး Mam Bunheng က ဧပြီ ၁၃ ရက်မှ ၁၆ ရက် အထိ ကျရောက်သော ဖျက်သိမ်းလိုက်သည့် ခမာနှစ်သစ်ကူး ကာလအတွင်း ခွင့်ယူထားသည့် စက်ရုံအလုပ်သမားများအား ၎င်းတို့၏ နေရပ်မှပြန်လာပြီး လုပ်ငန်းခွင်သို့ မဝင်ရောက်မီ စက်ရုံအလုပ်သမားများ ဌားရမ်းထားသော အခန်းများတွင် ၎င်းတို့၏ အစီအစဉ်ဖြင့် ၁၄ ရက်ကြာ ကိုယ်တိုင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းများအား ပြုလုပ်ရန် အလုပ်သမား ဝန်ကြီးဌာနသို့ ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ 

ထိုသို့ ဆောင်ရွက်ခြင်းမှာ အထည်ချုပ် စက်ရုံများသို့ ရောဂါပိုးပျံ့နှံ့မှုကို တားဆီးရန် အတွက် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးက ပြောကြားခဲ့သည်။ 

အလုပ်သမား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heng Sour က ယခုအပတ် အစောပိုင်းတွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ ငါးရာခိုင်နှုန်းခန့်မှာ ဆိုင်းငံ့ခဲ့သော နှစ်သစ်ကူး ကာလအတွင်း အရေးပေါ် ခွင့်ယူမှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ 

အလုပ်သမား ဝန်ကြီး Ith Samheng က အဆိုပါ ကာလတွင် ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ခွင့်ယူသွားသော အလုပ်သမားများအား ၎င်းတို့၏ အစီအစဉ်ဖြင့် ၁၄ ရက်ကြာ လစာခံစားခွင့် မရှိဘဲ ကိုယ်တိုင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းများ ပြုလုပ်ရမည် ဖြစ်ပြီး ခွင့်ပြုချက် ရယူ၍ ခွင့်ယူသွားသော အလုပ်သမားများအား လစာခံစားခွင့် နှင့်အတူ ၁၄ ရက်ကြာ ကိုယ်တိုင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။ (Xinhua)