Connect with us

Media

မြန်မာနိုင်ငံတွင် COVID-19 ကန့်သတ်ချက်များကို ဇူလိုင်လကုန်အထိ သက်တမ်းတိုး

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ရေးအစီအမံများကို ဇူလိုင် ၃၁ ရက်အထိ သက်တမ်းတိုးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၂ ရက်တွင်ပြောသည်။

COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ဇွန် ၃၀ ရက်အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့် ကိစ္စရပ်များမပါ) အား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်းတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ လူဦးရေ ၅,၄၀၆ ဦးကို စစ်ဆေးရာ၊ ပိုးတွေ့သူ ၃၁ ဦးရှိပြီး ဇူလိုင် ၁ ရက်အထိ ပိုးတွေ့သူစုစုပေါင်း ၆၄၀,၄၇၄ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါက်တာသန်းနိုင်စိုး က“လက်ရှိ COVID-19 အခြေအနေနဲ့ ကာကွယ်ဆေးထိုးနှံမှုတွေကို နေ့တိုင်းထုတ်ပြန်နေတာရှိပါတယ်။ အခုလတ်တလော ဖျားနာ၊ ချောင်းဆိုးကြလို့ ကိုဗစ် သံသယ ဆိုပြီး စစ်ပေမယ့် ကိုဗစ်ဖြစ်သူကို သိပ်မတွေ့ရပါဘူး။ အခုကာလက မိုးဦးကျဖြစ်တဲ့ အတွက် ရာသီတုပ်ကွေးကို သတိထားရမယ့် အခြေအနေပေါ့။ ကလေးတွေဆိုရင်တော့ သွေးလွန်တုပ်ကွေးကို သတိထားရမယ့် အချိန်ဖြစ်တယ်” ဟုပြောသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၁ ရက်အထိ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၁၉,၄၉၄ ဦးရှိပြီး ၊ ပြန်လည်ကောင်းမွန်လာသူ ၆၁၉,၄၀၀ ဦးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.